အင်္ဂလန်ကစားသမားတစ်ဦးအဖြစ် ဘော်လွန်းဒီအော်ဆု ဆွတ်ခူးနိုင်ရင် ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဟယ်ရီကိန်း ပြောကြား
ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်ကြယ်ပွင့်ဟယ်ရီကိန်းက ဘော်လွန်းဒီအော်ဆုနဲ့ ပတ်သက်တဲ့ ပြောဆိုဆွေးနွေးမှုတွေကို တုံ့ပြန်လာပါတယ်။
၂၀၂၆ ဘော်လွန်းဒီအော်ဆုရှင်ကို လန်ဒန်မြို့မှာ ကြေညာဖို့ တစ်လသာ လိုအပ်တော့ချိန် စွဲမက်စရာအောင်မြင်မှုတွေ အများအပြားရရှိထားတဲ့ ဟယ်ရီကိန်းလည်း ဒီဆုကိုဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေသူတွေထဲမှာ ပါဝင်နေပါတယ်။
ကိန်းက အခုလဆန်းပိုင်းမှာပဲ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် ရာပြည့်ဂိုးအမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်အသင်းခေါင်းဆောင်က ဥရောပရွှေဖိနပ်ဆု၊ ဘွန်ဒက်စ်လီဂါဖလား၊ ဂျာမန်ပိုကယ်လ်ဖလားနဲ့ ဖရန့်ဇ်ဘက်ကင်ဘောင်ဝါစူပါဖလားတို့ကို ဆွတ်ခူးထားနိုင်လို့ ဘော်လွန်းဒီအော်ဆု ရရှိနိုင်မယ့် သူ့ရဲ့အခွင့်အလမ်းတွေကို အထောက်အကူပြုပေးနေပါတယ်။
ဘော်လွန်းဒီအော်ဆုရှင်အခွင့်အလမ်းနဲ့ပတ်သက်လို့ ဟယ်ရီကိန်း လက်ရှိပစ္စုပ္ပန်မှာသာ အာရုံစိုက်ထားပေမဲ့ ဘောလုံးရာသီရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရမယ်ဆိုရင် အလွန်ဝမ်းမြောက်ဂုဏ်ယူမိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းက "ဘော်လွန်းဒီအော်ဆုဆိုတာ ကျွန်တော့်အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော်က လက်ရှိဘောလုံးရာသီအတွက်ပဲ အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့ အာရုံစိုက်ထားပါတယ်"
"ဆုပေးပွဲအခမ်းအနားကို လန်ဒန်မှာ ကျင်းပပြုလုပ်မယ်ဆိုတာ ကျွန်တော့်အတွက်တော့ တကယ့်ကို ထူးခြားတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်"
"ဒီကာလတွေအတွင်း ထူးချွန်ထက်မြက်တဲ့ အင်္ဂလန်ကစားသမားတွေ အများကြီးရှိခဲ့ပေမဲ့ အင်္ဂလန်ကစားသမားတစ်ဦးအတွက် ဒီဆုကို မရရှိခဲ့တာ နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပါပြီ" လို့ ဆိုပါတယ်။
၂၀၀၁ ခုနှစ်၊ လီဗာပူးအတွက် ပါဝင်ကစားခဲ့ပေးတဲ့ မိုက်ကယ်အိုဝင်က ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်တဲ့ နောက်ဆုံးအင်္ဂလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။ တကယ်လို့ ဟယ်ရီကိန်းသာ လန်ဒန်မှာ အမြင့်ဆုံးအောင်ပွဲကို ဆွတ်ခူးနိုင်မယ်ဆိုရင် ၂၅ နှစ်အတွင်း ဘော်လွန်းဒီအော်ဆုကို ရရှိတဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်။