ဖူလ်ဟမ်နဲ့ သရေပွဲစဉ်အပြီး ရက်ရှ်ဖို့ဒ်ရဲ့စိတ်ဓါတ်ပိုင်းကို မေးခွန်းထုတ်လိုက်တဲ့ အိုဝင်
မန်ချက်စတာယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ရာသီအစ၊ ခြေစွမ်းပိုင်းယိမ်းယိုင်နေတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်က ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီတိုက်စစ်မှူးက အက်စတွန်ဗီလာ၊ ဘာစီလိုနာတို့ဆီ အငှားသွားရောက်ကစားပြီးနောက် အိုးလ်ထရက်ဖို့ဒ်ဆီ ပြန်လည်ရောက်ရှိလာချိန် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုမျိုး ပြသနို်ငဖို့ ရုန်းကန်နေရပါတယ်။
ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်ရဲ့ရာသီအဖွင့် လိဂ်ပွဲစဉ်ငါးခုအနက် လေးပွဲကို ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပွဲချိန်မိနစ် ၄၀၀ ကျော် ကစားခဲ့ရပေမဲ့ ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်သေးပါဘူး။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဖူလ်ဟမ်နဲ့ ယူနိုက်တက်တို့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ရက်ရှ်ဖို့ဒ်ရဲ့ လတ်တလောစွမ်းဆောင်ရည်ပိုင်းနဲ့ စိတ်ဓါတ်ပိုင်းကို မေးခွန်းထုတ်လာခဲ့ပါတယ်။
"ဘယ်တောင်ပံတိုက်စစ်ကစားသမားတွေအနက် ရက်ရှ်ဖို့ဒ်က လှုပ်ရှားတက်ကြွမှုမရှိ၊ အငြိမ်သက်ဆုံးလို ဖြစ်နေခဲ့ပုံရပါတယ်" လို့ အိုဝင်က ပြောပါတယ်။
"ဒီနေ့မှာလည်း သူ့ရဲ့ကိုယ်အမူအရာက ငြိမ်သက်နေဆဲဖြစ်ပြီး မျက်နှာလည်း ညှိုးငယ်နေပါတယ်။ သူက ဘောလုံးကစားရတာကို မနှစ်သက်တော့တဲ့ပုံစံမျိုး ဖြစ်နေပြီး ဒါက ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်လို့ အမြဲတစေ စိတ်ပျက်စရာကောင်းနေခဲ့တဲ့ အချက်ပါပဲ။
ကမ္ဘာ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလုံး သူ့ပုခုံးပေါ် ရောက်နေသလိုမျိုး ဖြစ်နေပြီး ဒါ ဘယ်လိုကြောင့်လဲ၊ ဘာကြောင့်လဲဆိုတာ တွေးမိစေပါတယ်။ သူက လူတိုင်းရဲ့စိတ်ကူးထဲမှာ ရောက်ရှိနေပါပြီ။
လောလောဆယ်မှာ သူ ဘောလုံးကစားရတာကို မပျော်ရွှင်တော့တဲ့ပုံစံမျိုး ဖြစ်စေတဲ့ နောက်ကွယ်အကြောင်းအရင်းတစ်ခုခု ရှိနေတာ သေချာပါတယ်" လို့ ဆိုပါတယ်။