
လိဒ်နဲ့ဂိုးမရှိသရေကျပြီးနောက် ကွန်ညာဟာ အသင်းကလိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင် စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ လိဒ်ကို ၀-၀ နဲ့သရေကျခဲ့ပြီးနောက် ယခုနွေရာသီအတွင်း အသင်းမှခေါ်ယူထားခဲ့တဲ့ ကစားသမားသစ် မားသီးယက်စ်ကွန်ညာဟာ အသင်းအတွက်လိုအပ်နေတဲ့ကစားသမားဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကွန်ညာကို ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် ဝုဗ်မှပြောင်းရွှေ့ကြေး ပေါင် ၆၂.၅ သန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပြီး ကစားသမားဟာ လိဒ်နဲ့ပွဲစဉ်မှာစတင်ပါဝင်ကစားခဲ့ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ကျောနံပါတ် ၁၀ ကိုဆက်ခံရရှိထားတဲ့ ကွန်ညာအနေနဲ့ ပွဲဦးထွက်မှာတော့ ထူးထူးခြားခြားခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိပေမယ့် အာမိုရင်ကတော့ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာမိုရင်ဟာ ၃-၄-၂-၁ ကစားကွက်အခင်းအကျင်းနဲ့ လိဒ်ကိုရင်ဆိုင်ခဲ့ပြီး ကွန်ညာကို အသင်းရဲ့ဘယ်တောင်ပံမှာ အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ထုံးစံအတိုင်း အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကို ပွဲထုတ်ခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ သွင်းဂိုးရရှိအောင်တော့ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ပွဲအပြီးမှာ အာမိုရင်က “ကျွန်တော်တို့ဒီပွဲမှာ အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပြီး မားသီးယက်စ်ကွန်ညာကလည်း အသင်းမှာလိုအပ်နေတဲ့ကစားသမားမျိုးဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ပြိုင်ဘက်ကို အင်အားအပြည့်နဲ့ရင်ဆိုင်ခဲ့ပြီး ဘောလုံးရတဲ့အချိန်တွေမှာ အတော်လေး ကစားပုံကောင်းခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက “ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီက ကွန်ညာကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ရင်ဆိုင်ခဲ့ရပြီး လာမယ့်ရာသီမှာတော့ ကျွန်တော်တို့ကိုကစားခဲ့တဲ့ပုံစံအတိုင်း ဆက်ကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ သူနဲ့ ဖာနန်ဒက်စ်နဲ့ကြားမှာ ကောင်းမွန်တဲ့ ချိတ်ဆက်မှုမျိုးတွေမမြင်ရသေးပေမယ့် ကိုဘီမိုင်နူးနဲ့ မေဆင်မောင့်တို့လိုကစားသမားတွေနဲ့တော့ အတော်လေးအတွဲညီမယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ကွန်ညာကို စတင်အသုံးပြုနေပြီဖြစ်တဲ့ယူနိုက်တက်ဟာ မကြာမီမှာ ဘရန့်ဖို့ဒ်တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကိုလည်း ချိတ်ဆက်နေပြီဖြစ်တာကြောင့် အပြောင်းအရွှေကို မကြာခင်မှာပဲ ကြေညာနိုင်မလား စောင့်ကြည့်ရပါမယ်။