အာဖရိကဖလားပြိုင်ပွဲဝင် ကင်မရွန်းအသင်းလူစာရင်းမှ ချန်လှပ်ခံရတဲ့ ယူနိုက်တက်အပယ်ခံအိုနာနာ
ကင်မရွန်းလက်ရွေးစင်အသင်းက ဒီနှစ်နှောင်းပိုင်း၊ မော်ရိုကိုနိုင်ငံမှာကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် လူစာရင်းမှာ ဂိုးသမားအိုနာနာကို ချန်လှပ်ခဲ့သလို ဘယ်လ်ဂျီယံသား မတ်ဘရိုက်စ်နေရာမှာလည်း ဒေးဗစ်ပါဂိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်မှ ထရန်ဇွန်စပေါဆီ အငှားထွက်ကစားနေတဲ့ အိုနာနာက ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၈ ရက်အထိ ကျင်းပမယ့် ပြိုင်ပွဲအတွက် ချန်လှပ်ခံရတဲ့ အတွေ့အကြုံရှိကစားသမားတွေအနက် တစ်ဦး ဖြစ်ပါတယ်။ အိုနာနာလိုပဲ ကင်မရွန်းအတွက် ၁၅ နှစ်တိုင်တိုင် အလုပ်အကျွေးပြုခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး အဘူကာဘာလည်း အခုနှစ်၊ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲမအောင်မြင်ချိန် ကင်မရွန်းရဲ့အခုလိုအပြောင်းအလဲတွေ ထွက်ပေါ်လာတာပါ။ လက်ရှိလူစာရင်းမှာ ဘရိုက်တန်ကွင်းလယ်လူ ဘာလီဘာနဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အမ်ဘွေမိုတို့ ပါဝင်လာပါတယ်။ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအီတူးကလည်း အသက်-၆၃ နှစ်အရွယ်နည်းပြမတ်ဘရိုက်စ်ကို ရာထူးမှ ဖယ်ရှားနိုင်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် အီတူးက နောက်ထပ်ခြေလှမ်းသစ်တစ်ခုအဖြစ် ကင်မရွန်းပြည်တွင်းလိဂ်အတွေ့အကြုံရှိ အသက်-၅၆ နှစ်အရွယ်နည်းပြ ဒေးဗစ်ပါဂိုကို ဘယ်လ်ဂျီယံသားရဲ့နေရာမှာ အစားထိုးခန့်အပ်ခဲ့ပါတယ်။ ကင်မရွန်းအသင်းက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ၊ အုပ်စု(F)ရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂါဘွန်အသင်းနဲ့ ဒီဇင်ဘာ ၂၄ ရက်၊ အဂါဒါမြို့မှာ ယှဉ်ပြိုင်ကစားရပါမယ်။ သူတို့တွေက လက်ရှိချန်ပီယံအိုင်ဗရီကို့စ်အပြင် မိုဇမ်ဘတ်နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။