The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ မေဆင်မောင့်ကို ဖာနန်ဒက်စ်ချီးကျူး

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ့်ကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူမေဆင်မောင့်ဟာ အရည်အသွေးမြင့်ကစားသမားဖြစ်ပြီး အသင်းအတွက်အလွန်အရေးပါတယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

အဆိုပါပဲလေ့စ်နဲ့ပွဲစဉ်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း မေဆင်မောင့်အတွက် ပထမဆုံးအကြိမ် မိနစ် ၉၀ အပြည့်ပါဝင်ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး ကစားသမားဟာ ကြံ့ခိုင်မှုပိုင်းမှာလည်း တိုးတက်မှုတွေရှိလာကြောင်း သက်သေပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားသီးယက်စ်ကွန်ညာနဲ့ ဘင်ဂျမင်ဆက်စ်ကိုတို့ဟာ ဒဏ်ရာပြဿနာကိုယ်စီနဲ့အနားယူနေခဲ့ရတာကြောင့် မောင့်အနေနဲ့ ဒီပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

ပွဲထွက်ခွင့်ရခဲ့တဲ့အခွင့်အရေးကို အင်္ဂလန်သားဟာ အမိအရအသုံးချနိုင်ခဲ့ပြီး ပွဲကစားချိန် ၆၃ မိနစ်မှာ ယူနိုက်တက်အတွက်အနိုင်ဂိုးကို အဝေးကန်ချက်နဲ့သွင်းယူပြီး အသင်းကို ၃ မှတ်အပြည့်ရစေခဲ့ပါတယ်။ ပွဲအပြီးမှာ ဖာနန်ဒက်စ်က "မေဆင်ကအရမ်းတော်တဲ့ကစားသမားပါ။ သူ့ရဲ့အရည်အသွေးနဲ့ပတ်သက်ပြီး တစ်ခါမှသံသယမရှိခဲ့ပါဘူး။ အသင်းဖော်တွေအားလုံးလည်း ဒါကိုသိကြပါတယ်"

"တစ်ခါတလေမှာတော့ သူကဒဏ်ရာပြဿနာကြောင့် ဂိုးသွင်းဖို့ ဒါမှမဟုတ် ဖန်တီးဖို့လုပ်ဖို့ ရုန်းကန်ရလေ့ရှိပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာတော့ သူကအသင်းအတွက်အရမ်းအရေးပါပါတယ်" လို့ပြောကြားခဲ့ပါတယ်။ မောင့်ဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ချဲလ်ဆီးမှ ယူနိုက်တက်သို့ စတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ၂ ရာသီကြာနေထိုင်ထားသော်လည်း ပြိုင်ပွဲစုံ ပွဲ ၅၀ သာပါဝင်ကစားခွင့်ရထားပါတယ်။ 

ပဲလေ့စ်နဲ့ပွဲမှာဂိုးသွင်းယူနိုင်ပြီးနောက် မေဆင်မောင့်က "ဒီနိုင်ပွဲက အသင်းအတွက်အရမ်းအရေးကြီးသလို၊ ပွဲချိန်ပြည့်ကစားနိုင်ခဲ့လို့ ကျွန်တော့်အတွက်လည်းအရမ်းအရေးကြီးပါတယ်။ ဒီလိုပွဲချိန်ပြည့်မကစားရတာ အတော်ကြာပါပြီ။ မကြာသေးမီကာလတွေမှာ ကျွန်တော်အတော်လေးကြံ့ခိုင်လာခဲ့ပြီး ဘောလုံးကစားရတာပျော်လာပါတယ်။ ဒီလိုပွဲမျိုးကို ပရိသတ်တွေအရှေ့မှာကစားပြနိုင်ခဲ့လို့ ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာသို့တက်လှမ်းလာနိုင်ခဲ့ပြီး လာမယ့် သောကြာနေ့မှာတော့ ဝက်စ်ဟမ်းကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။