The network connection is lost.

Banner Image

ဝက်စ်ဟမ်းကို သရေကျခဲ့ခြင်းမှာ ယူနိုက်တက်ကစားသမားတွေရဲ့အမှားကြောင့်သာဖြစ်ကြောင်း ဝန်ခံပြောကြားလာတဲ့ ဒါလော့

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့က သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို သရေသာကစားနိုင်ခဲ့ခြင်းမှာ အသင်းမှ ကစားသမားတွေရဲ့အမှားတွေကြောင့်သာဖြစ်တာကြောင့် ကိုယ့်တာဝန်ကိုယ်ယူသင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက်ဦးဆောင်ဂိုးကို ဒုတိယပိုင်းပွဲကစားချိန် ၅၈ မိနစ်မှာ ဒါလော့က စတင်သွင်းယူပေးခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဝက်စ်ဟမ်းကိုစတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဝက်စ်ဟမ်းအတွက်အဖိုးတန်ချေပဂိုးကို မာဂက်ဆာက ပွဲပြီးကာနီး ၈၃ မိနစ်မှာ ပြန်လည်သွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာဒါလော့က အသင်းအနေနဲ့ အနိုင်ရလဒ်ကိုထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိကြောင်းနဲ့ ယခုပွဲကိုအနိုင်ယူပြီး အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာသို့တက်လှမ်းနိုင်မယ့်အခွင့်အရေးလည်းဆုံးရှုံးခဲ့တာကြောင့် စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်က "ကျွန်တော်တို့အနိုင်ရလဒ်ကိုထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေရပါမယ်။ ဒီလိုရလဒ်မျိုးမဖြစ်ခဲ့သင့်ပါဘူး။ ကျွန်တော်တို့ဒီပွဲမှာ ၁ ဂိုးသွင်းနိုင်ဖို့အတွက် မိနစ် ၆၀ လောက်အထိတိုက်ပွဲဝင်ခဲ့ရပြီး ဂိုးရလာချိန်မှာတော့ အနိုင်ရလဒ်ကိုထိန်းသိမ်းနိုင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ ပွဲကို ထိန်းချုပ်တာ၊ ဘောလုံးကိုကြာကြာကိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုပိုရအောင်လုပ်သင့်ပါတယ်။ ဒါမှပဲ ကျွန်တော်တို့ပွဲကိုလွှမ်းမိုးချုပ်ကိုင်နိုင်မှာပါ"

"ပြိုင်ဘက်ကို ထောင့်ကန်ဘောခွင့်ပြုတာမျိုး၊ တန်ပြန်တိုက်စစ်စတင်စေတာမျိုးဖြစ်စေမယ့် ကစားပုံတွေကို ရှောင်ရှားနိုင်ဖို့လိုပါတယ်။ ဒီနေ့မှာ သူတို့ဘက်က တန်ပြန်တိုက်စစ် ဒါမှမဟုတ် တည်ကန်ဘောတွေနဲ့ ချေပဂိုးပြန်သွင်းဖို့ကြိုးစားမယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ သူတို့ကိုတားဆီးနိုင်ခဲ့ခြင်းမရှိဘဲ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးအတွက် ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ သူတို့ရဲ့ပြန်လာနိုင်မှုကိုချီးကျူးနေတာထက် ကိုယ့်အမှားတွေကို ကိုယ်မြင်ဖို့ပိုလိုအပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ယူနိုက်တက်ဟာ ဝုဗ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။