The network connection is lost.

Banner Image

အသင်းအတွက် အကျိုးအမြတ်မရှိပါက ဇန်နဝါရီမှာ မိုင်နူးနဲ့ ဇက်ခ်ဇီတို့ကို ထွက်ခွာခွင့်ပြုမှာမဟုတ်ကြောင်း ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းမှာပုံမှန်နေရာမရတဲ့ ကွင်းလယ်လူကိုဘီမိုင်နူးနဲ့ တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီတို့ကို အသင်းအတွက်အကျိုးအမြတ်မရှိပါက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာခွင့်ပြုမှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

ကွင်းလယ်လူမိုင်နူးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာကတည်းက အသင်းကနေထွက်ခွာလိုကြောင်း အသိပေးထားတာဖြစ်ပြီး နေရာမရတဲ့ဇက်ခ်ဇီကလည်း လာမယ့်ဇန်နဝါရီမှာတော့ အသင်းသစ်သို့ ပြောင်းရွှေ့ကစားလိုနေတာဖြစ်ပါတယ်။ အဆိုပါကစားသမား ၂ ဦးစလုံးဟာ ဒီရာသီယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ တစ်ကြိမ်မှပွဲထွက်ခွင့်မရထားပါဘူး။ 

ကမ္ဘာ့ဖလာပြိုင်ပွဲနီးကပ်လာတာနဲ့အမျှ ကစားသမားတွေဟာ နိုင်ငံ့လက်ရွေးစင်အသင်းတွေမှာ နေရာရရှိဖို့အတွက် ကလပ်တွေမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ သို့သော်လည်း အာမိုရင်က "ကျွန်တော်တို့ရဲ့ ပထမဆုံးဦးစားပေးက အသင်းပါပဲ။ ဒါကြောင့် အသင်းအတွက်အရင်ဆုံးစဉ်းစားရပါတယ်။ ဒါပြီးမှ ကျန်တာကိုစဉ်းစားရမှာပါ။ ကျွန်တော်ကိုယ်တိုင်က ကစားသမားဖြစ်ခဲ့ဖူးသူဆိုတော့ အားလုံးကိုနားလည်ပါတယ်။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ကစားသမားတွေကိုကူညီပေးချင်ပေမယ့် ဘာတွေဖြစ်လာမလဲ မသိသေးပါဘူး"

"သူတို့ကို ကျွန်တော်ပျော်ရွှင်စေချင်ပါတယ်။ ကမ္ဘာ့ဖလားလည်းရှိနေတော့ နေရာမရတဲ့သူတွေအနေနဲ့ စိတ်ပျက်နေကြမယ်ဆိုတာနားလည်ပါတယ်။ ကမ္ဘာ့ဖလားက အရေးပါပေမယ့် ကျွန်တော့်အတွက်တော့ ယူနိုက်တက်က ပထမဦးစားပေးပါပဲ။ အသင်းအတွက်ရော၊ ကစားသမားအတွက်ပါ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ကူညီပေးနိုင်ရင် ကျွန်တော်ဝမ်းသာရမှာပါ။ မဟုတ်ရင်တော့ အသင်းအတွက်ပဲ ကျွန်တော်စဉ်းစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘရိုင်ယန်အမ်ဘွေမိုနဲ့ အာမက်ဒီယာလိုတို့ဟာ လာမယ့်ဒီဇင်ဘာလမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ဇက်ခ်ဇီအနေနဲ့ အဆိုပါကာလတွေမှာ အသင်းအတွက်ပြန်လည်ပါဝင်ကစားနိုင်ချေရှိပါတယ်။ ဒါ့အပြင် မိုင်နူးကလည်း ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မဲရိုး၊ မန်နူရယ်ယူဂါတီတို့နဲ့အတူ အသင်းအတွက်အရေးပါတဲ့ ဗဟိုခံစစ်မှူးအဖြစ် အာမိုရင်ကရှုမြင်ထားတာကြောင့် အင်္ဂလန်သားကို ထွက်ခွာခွင့်ပေးဖို့ ခက်ခဲနေပါတယ်။

ဆက်လက်ပြီး ယူဂါတီဟာ လောလောဆယ်မှာပုံစံကောင်းရဖို့ရုန်းကန်နေရကြောင်း ပေါ်တူဂီသားနည်းပြက "ကစားသမားကောင်းတွေဒီကိုရောက်လာကြပြီး တစ်ခါတလေမှာရုန်းကန်နေရတာတွေ မြင်တွေ့ခဲ့ရဖူးပါတယ်။ လောလောဆယ် ယူဂါတီကလည်း အဲ့လိုဖြစ်နေတာပါ။ သူ့ကိုကူညီပေးဖို့က ကျွန်တော်တို့အလုပ်ပါ။ သူကတော့ လေ့ကျင့်ရေးအစီအစဉ်တွေမှာတိုးတက်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။