The network connection is lost.

Banner Image

ဇန်နဝါရီမှာ မိုင်နူးကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ကမ်းလှမ်းသွားမယ့် ဝက်စ်ဟမ်း

ဝက်စ်ဟမ်းဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက်အာရုံစိုက်နေပြီး ယခုအခါမှာတော့ သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူးကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ 

မိုင်နူးအနေနဲ့လည်း ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာကတည်းက အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့လိုကြောင်း ယူနိုက်တက်ထံတောင်းဆိုထားခဲ့ပေမယ့် ပယ်ချခံခဲ့ရလို့ မန်ချက်စတာမှာ ဆက်လက်နေထိုင်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နီးစပ်လာတာနဲ့အမျှ မိုင်နူးအနေနဲ့ သောမတ်စ်တူချယ်လ်ဦးဆောင်တဲ့အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာပါဝင်ခွင့်ရဖို့ အသင်းသစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလိုနေတာဖြစ်ပါတယ်။ 

ယခုနှစ်ရာသီ ရူဘင်အာမိုရင်ရဲ့လက်အောက်မှာတော့ အင်္ဂလန်သားဟာ ပရီးမီးယားလိဂ်မှာ ပုံမှန်ပွဲထွက်ခွင့်မရဘဲ စုစုပေါင်း ၁၃၈ မိနစ်သာ ကစားခွင့်ရထားတာကြောင့် စိတ်ပျက်နေတယ်လို့လည်းသတင်းတွေက ဖော်ပြထားပါတယ်။ ယခုအခါမှာတော့ အပြောင်းအရွှေ့ကျွမ်းကျင် နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ယူနိုက်တက်ရဲ့ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းဟာ လာမယ့်ဇန်နဝါရီမှာ မိုင်နူးကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းလာမယ်လို့ သိရပါတယ်။ 

ရိုမာနိုက "မိုင်နူးက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့ရက်တွေမှာ အိုးလ်ထရက်ဖို့ဒ်ကနေ အငှားစာချုပ်နဲ့ထွက်ခွာချင်ကြောင်း ပြောခဲ့ပေမယ့် ယူနိုက်တက်နဲ့ ရူင်ဘင်အာမိုရင်တို့က သူ့ကိုငြင်းပယ်ခဲ့ပါတယ်" "အခုချိန်မှာ မိုင်နူးက ပုံမှန်ကစားခွင့်မရပါဘူး။ ဒါကြောင့် သူအငှားနဲ့ထွက်ခွာချင်နေပါတယ်။ ဝက်စ်ဟမ်းကသူ့ကိုစိတ်ဝင်စားနေပါတယ်။ ဇန်နဝါရီမှာ ကမ်းလှမ်းမှုပြုလုပ်လာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဝက်စ်ဟမ်းနည်းပြ နူနိုအက်စ်ပီရစ်တိုဆန်တိုဟာ အသင်းရဲ့ကွင်းလယ်မှာ ဘောလုံးကိုင်ကစားနိုင်တဲ့ ကွင်းလယ်လူတစ်ယောက်အလိုရှိနေတာဖြစ်ပြီး မိုင်နူးကို ကာလရှည်မျက်စိကျနေခဲ့တာလည်းဖြစ်ပါတယ်။ သို့သော်လည်း အင်္ဂလန်သားကို စီးရီးအေချန်ပီယံ နာပိုလီကလည်း ခေါ်ယူဖို့ကြိုးစားနေတာကြောင့် ဝက်စ်ဟမ်းအနေနဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ခက်ခက်ခဲခဲတိုက်ပွဲဝင်သွားရနိုင်ပါတယ်။