လေ့ကျင့်ရေးကွင်းမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် ခရစ္စမတ်မီးထွန်းပွဲအခမ်းအနားကိုလွဲချော်ခဲ့တဲ့ ကွန်ညာ
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာဟာ လေ့ကျင့်ရေးကွင်းမှာဒဏ်ရာရရှိခဲ့ပြီးနောက် အယ်လ်ထရင်မ်ချမ်မြို့ ခရစ္စမတ်မီးထွန်းပွဲကိုလွဲချော်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်တယ်လို့သတင်းထွက်ပေါ်နေပြီး အသင်းပရိသတ်တွေအကြား စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဝုဗ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ ကွန်ညာဟာ ဒီရာသီမှာယူနိုက်တက်အတွက် ခြေစွမ်းပြသကစားနေသူဖြစ်ပြီး လာမယ့် တနင်္လာနေ့ အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ခွင့်ရဖို့ သေချာနေတဲ့သူလည်းဖြစ်ပါတယ်။
ဘရာဇီးလက်ရွေးစင်နဲ့ပတ်သက်ပြီး Visit Altrincham မှတစ်ဆင့် "ကံမကောင်းစွာနဲ့ ဒီနေ့လေ့ကျင့်ရေးကွင်းမှာ မားသီးယက်စ်ကွန်ညာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ မတော်တဆမှုကြောင့် သူဟာ ဒီနေ့ည ခရစ္စမတ်မီးထွန်းပွဲတော်ကို တက်ရောက်နိုင်မှာမဟုတ်ပါဘူး" လို့ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ကွန်ညာအနေနဲ့ တနင်္လာနေ့ အဲဗာတန်နဲ့ပွဲစဉ်မှာပါဝင်လာဖို့ မသေချာတဲ့အခြေအနေမှာရှိနေတယ်။ တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကို ဒဏ်ရာရထားတဲ့အချိန်မှာပဲ ကွန်ညာကပါနောက်ထပ် ဒဏ်ရာရရှိခဲ့တာကြောင့် အဲဗာတန်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ တိုက်စစ်ပိုင်းအတော်လေးရုန်းကန်သွားရနိုင်ပါတယ်။
ဒါ့အပြင် အခြားတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘရိုင်ယမ် အမ်ဘွေမိုနဲ့ အာမက်ဒီယာလိုတို့ကလည်း အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကြောင့် အသင်းကနေ ဒီဇင်ဘာလ ၇ ရက်နေ့မှာပဲထွက်ခွာသွားကြမှာဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲစဉ်ကို နောက်ခံလူတွေဖြစ်တဲ့ ဟယ်ရီမက်ဂွါရီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ လွဲချော်သွားမှာဖြစ်သလို၊ ကွင်းလယ်လူကိုဘီမိုင်နူးကလည်း ပါဝင်နိုင်ဖို့မသေချာသေးပါဘူး။