ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ဘာကြောင့် ဆက်ဆံရေးပြိုကွဲခဲ့သလဲ ထုတ်ဖော်ပြောကြားလာတဲ့ ဒီကို
ဘာစီလိုနာအားကစားဒါရိုက်တာ ဒီကိုက ယခုရာသီမှာ အသင်းသို့ အငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ငယ်ဘဝကလပ် မန်ချက်စတာယူနိုက်တက်နဲ့ဘာကြောင့် ဆက်ဆံရေးပြိုကွဲခဲ့သလဲ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
အသက်-၂၈ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာလာပြီးနောက် ယခုရာသီမှာ ဘာစီလိုနာအတွက် စုစုပေါင်း ၁၈ ပွဲကစားထားပြီး ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်းမှာပဲ နည်းပြဖြစ်သူရူဘင်အာမိုရင်နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် ယူနိုက်တက်မှထွက်ခွာကာ ပြိုင်ဘက်ပရီးမီယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ ၆ လသက်တမ်းရှိအငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ပါတယ်။ ယခုအခါမှာ ဒီကိုက ရက်ရှ်ဖို့ဒ်အနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာပဲ ယူနိုက်တက်မှာကစားရင်း တာဝန်တွေအများအပြားယူခဲ့ရတာက လက်ရှိအချိန်မှာ ကစားသမားအတွက် အကျိုးသက်ရောက်မှုရှိလာတယ်လို့ဆိုပါတယ်။
ဒီကိုက "ရက်ရှ်ဖို့ဒ်က အသင်းမှာပျော်ရွှင်နေပါပြီ။ သူက အံ့မခန်းကစားသမားတစ်ယောက်ပါ။ သူက ယူနိုက်တက်မှာ အရေးပါတဲ့ကစားအဖြစ်တာဝန်ယူခဲ့ရပါတယ်။ ယူနိုက်တက်ကကျွန်တော်တို့လိုပဲ ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲကတစ်ခုပါ။ ရက်ရှ်ဖို့ဒ်က ငယ်ရွယ်လွန်းတဲ့အချိန်မှာပဲ ယူနိုက်တက်လိုအသင်းမှာ တာဝန်တွေယူခဲ့ရပါတယ်"
"ယူနိုက်တက်မှာ မျိုးဆက်တွေပြောင်းလဲလာမှုကလည်း သူ့အတွက်သက်ရောက်မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းယူနိုက်တက်က အသင်းကိုပြန်လည်တည်ဆောက်ဖို့ပဲ အာရုံစိုက်နေခဲ့ရတာပါ။ ဒီလိုအခြေအနေမှာ ရက်ရှ်ဖို့ဒ်လို အသင်းမှာဝါရင့်နေတဲ့ကစားသမားတွေက တာဝန်ယူမှုတွေအများကြီးရှိခဲ့ပါတယ်" "ကျွန်တော်တို့အနေနဲ့လည်း ဒီလိုတာဝန်ယူနိုင်တဲ့ကစားသမားမျိုးကို ဈေးကွက်ထဲမှာရှာဖွေနေခဲ့တာပါ။ ရှေ့တန်းနေရာ ၃ ခုစလုံးမှာကစားနိုင်တဲ့ ကစားသမားမျိုးပေါ့။ ပြီးတော့ သူကလည်းဘာစီလိုနာမှာကစားချင်တဲ့ဆန္ဒရှိတာကြောင့် ကျွန်တော်တို့ အငှားနဲ့ခေါ်ယူနိုင်ခဲ့တာပါ"
"သူဒီကိုရောက်လာဖို့ အများကြီးစောင့်ခဲ့ရပါတယ်။ ကျွန်တော်တို့ကြားမှာ ငွေကြေးစည်းမျဉ်းတွေနဲ့ဆက်ဆံနေရတာကို သူသိပါတယ်။ ဒါပေမယ့်သူစိတ်ရှည်ရှည်နဲ့စောင့်နိုင်ခဲ့ပါတယ်။ သူစောင့်နိုင်ခဲ့သလို၊ ကျွန်တော်တို့ကလည်း သူ့ကိုအရခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။