ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ယူဖို့ ဒုတိယပိုင်းမှာ ဘာတွေအပြောင်းအလဲပြုလုပ်ခဲ့သလဲ ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းဟာ ပထမပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်ကိုရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြန်လည်အနိုင်ရဖို့အတွက် ဘာတွေအပြောင်းအလဲပြုလုပ်ခဲ့သလဲ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ အနိုင် ၃ မှတ်ရရှိခဲ့တာဖြစ်သလို၊ ပဲလေ့စ်အနေနဲ့လည်း အိမ်ကွင်း ၁၂ ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်သွားခဲ့ရပါတယ်။ ပထမပိုင်းပြီးဆုံးချိန်မှာ ပဲလေ့စ်ဟာယူနိုက်တက်ကို ၁-၀ နဲ့ဦးဆောင်ထားပြီး အသာစီးရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပြန်လာနိုင်မှာမဟုတ်တော့ဘူးလို့ယူဆခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က အဲဗာတန်နဲ့ပွဲစဉ်မှာ ကစားသမားတစ်ယောက်အသာအနေအထားနဲ့တောင် ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ယူနိုက်တက်အနေနဲ့ ယခုခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာလည်း ဦးဆောင်ဂိုး ခွင့်ပြုထားရတာကြောင့် ဆက်လက်ရုန်းကန်သွားရနိုင်တယ်လို့ ထင်ကြေးပေးမှုတွေရှိခဲ့ပါတယ်။
သို့သော်လည်း ယူနိုက်တက်ဟာ နိုင်ပွဲပြန်လည်ရရှိဖို့အတွက် ဒုတိယပိုင်းမှာ အပြောင်းအလဲတွေပြုလုပ်ခဲ့ကြောင်း ဖာနန်ဒက်စ်က "ပထမပိုင်းမှာ ကျွန်တော်တို့အထနှေးနေခဲ့ပြီး သူတို့ဘက်က အခွင့်အရေးတွေပိုရခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ပြောင်းလဲမှုတွေပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးကိုပိုကိုင်လာနိုင်ခဲ့ပါတယ်"
"ဒုတိယပိုင်းမှာ ချေပဂိုးနဲ့အနိုင်ဂိုးတွေပြန်ရခဲ့တာက အသင်းရဲ့ကြီးမားတဲ့တုံ့ပြန်မှုပါပဲ။ ပြီးခဲ့တဲ့အပတ်က အသင်းရဲ့ဆိုးဝါးတဲ့စွမ်းဆောင်ရည်ကို ဒီပွဲမှာပြန်လည်ချေဖျက်နိုင်လို့ လိုအပ်နေခဲ့တာပါ။ ဒီပွဲရဲ့ ပထမပိုင်းအတွင်း အသင်းက ညံ့ဖျင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ တုံ့ပြန်နိုင်မှုကို ပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အသင်းအတွက်ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပေးခဲ့တဲ့ ဂျိုရှူးဝါးဇက်ခ်ဇီနဲ့ မေဆင်မောင့်တို့ကိုလည်း ဖာနန်ဒက်စ်က ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်က "သူတို့သွင်းခဲ့တဲ့ဂိုးတွေက မယုံနိုင်စရာပါ။ ဇက်ခ်ဇီ အဲဒီထောင့်ဖြတ်အနေအထားကနေ ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာဘယ်လောက်အထိအရည်အချင်းရှိသလဲဆိုတာ ကျွန်တော်သိပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ သူဒီလိုဂိုးတွေသွင်းပြခဲ့ပြီး အခုလည်း တစ်ပုံစံတည်းလုပ်ပြခဲ့တာပါ။ ဇက်ခ်ဇီက တိုက်စစ်မှူးဖြစ်ပေမယ့် အသင်းဖော်တွေကိုဂိုးဖန်တီးပေးဖို့ ပိုပြီးတော့အာရုံစိုက်တဲ့သူပါ။ ဒါပေမယ့် ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့လို့ သူ့အတွက်ယုံကြည်မှုတွေရစေမယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။