
အာဆင်နယ်နဲ့ အပြောင်းအရွှေ့ ကြန့်ကြာနေတာကြောင့် ဝမ်းနည်းနေတဲ့ ယောကရက်စ်ရဲ့ဖခင်
ဆွီဒင်တိုက်စစ်မှူး ဗစ်တာယောကရက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းရဲ့ ကြိုးပမ်းမှုဟာ ယခုအချိန်မှာတော့ ရပ်တန့်သွားခဲ့ပြီး ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ညှိနှိုင်းမှုတွေမှာ သိသိသာသာ နှောင့်နှေးကြန့်ကြာနေပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းနဲ့ ဆွေးနွေးမှုတွေဟာ မကြာသေးမီရက်ပိုင်းအတွင်းမှာ တိုးတက်မှုမရှိခဲ့တာကြောင့် ယောကရက်စ်ရဲ့ မိသားစုဝင်တွေ၊ အထူးသဖြင့် ဖခင်ဖြစ်သူဟာ စိတ်ပိုင်းဆိုင်ရာအရ ခံစားနေကြရပါတယ်။ ယောကရက်စ်က အာဆင်နယ်ကို ပြောင်းချင်နေပေမဲ့ စပို့တင်းအသင်းကတော့ သူတို့ရဲ့တောင်းဆိုမှုတွေအပေါ်မှာ ခိုင်မာစွာရပ်တည်နေပါတယ်။
သတင်းတွေအရ ယောကရက်စ်ရဲ့ ဖခင်ဖြစ်သူဟာ မျက်ရည်ကျခဲ့ပြီး သူ့သားရဲ့ပြောင်းရွှေ့မှုဟာ ဖြစ်လာတော့မှာမဟုတ်ဘူးလို့ စိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့ပါတယ်။ ယောကရက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ညှိနှိုင်းမှုတွေမှာ မိသားစုဝင်တွေ ဒီလိုခံစားခဲ့ရတာမျိုးကတော့ မကြုံစဖူးဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစုဝင်တွေ စိတ်ထိခိုက်နေပေမဲ့ စပို့တင်းတာဝန်ရှိသူတွေကတော့ ဒီခံစားချက်တွေကို သူတို့ရဲ့ရပ်တည်ချက်ကို လျှော့ပေါ့ပေးဖို့ ဖိအားပေးတဲ့နည်းလမ်းတစ်ခုလို့ ယူဆနေကြပါတယ်။
ဥက္ကဋ္ဌ ဖရီဒီရီကို ဗာရန်ဒက်စ်က ဂိုင်ယိုကရက်စ် အာဆင်နယ်အသင်းအတွက် ၂၀ ပွဲကစားပြီးတဲ့အခါမှာ ဘောနပ်စ်ယူရို ၂.၅ သန်း၊ နောက်ထပ် ၂၀ ပွဲကစားပြီးတဲ့အခါ ယူရို ၂.၅ သန်း၊ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ရင် ယူရို ၂.၅ သန်းနဲ့ နောက်တစ်ရာသီမှာ ၂၀ ပွဲကစားပြီးရင် ယူရို ၂.၅ သန်းရရှိမယ့် ဘောနပ်စ်တွေအပါအဝင် ယူရို ၁၀ သန်းဟာ အလွယ်တကူရရှိနိုင်ရမှာဖြစ်ပြီး ဒါဟာ အပြောင်းအရွှေ့ အောင်မြင်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အခြေအနေဖြစ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
အဓိကပြောင်းရွှေ့ကြေးကို ယူရို ၆၃.၅ သန်း (ပေါင် ၅၅ သန်း) နဲ့ သဘောတူညီမှုရရှိထားပေမဲ့ ဘောနပ်စ်နဲ့ပတ်သက်ပြီး သဘောတူညီမှုမရရှိသေးတာကြောင့် ဒီအပြောင်းအရွှေ့ဟာ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။