ယော်ကရက်စ်ကို ပွဲထွက်လူစာရင်းမှချန်လှပ်သင့်ကြောင်း ထောက်ပြလာတဲ့ ကာရေဂါ
လီဗာပူးနောက်ခံကစားသမားဟောင်း ဂျေမီကာရေဂါက အာဆင်နယ်အနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ဗစ်တာယော်ကရက်စ်ကို ချန်လှပ်ပြီး ကိုင်ဟားဗက်ဇ် ဒါမှမဟုတ် ဂါဘရီရယ်ဂျီးဆပ်ကို ပွဲထုတ်သင့်ကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက စပို့တင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ယော်ကရက်စ်ဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့ရုန်းကန်နေရပြီး အာဆင်နယ်အတွက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၅ ဂိုးသာသွင်းယူထားနိုင်ပါတယ်။
ဗုဒ္ဓဟူးနေ့နံနက်က အက်စတွန်ဗီလာကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ယော်ကရက်စ်တစ်ယောက် ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရပြီး သွင်းဂိုးမရရှိခဲ့ပါဘူး။ သို့သော်လည်း သူ့ရဲ့နေရာမှာ လူစားလဲဝင်ရောက်လာခဲ့တဲ့ ဂျီးဆပ်ကတော့ ကွင်းထဲရောက်ပြီး ၁ မိနစ်မကြာခင်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယော်ကရက်စ်အပေါ် ဖိအားတွေပိုတိုးလာစေခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ကာရေဂါက "ဒီည အာဆင်နယ်ရဲ့အနုတ်သဘောဆောင်တဲ့တစ်ခုတည်းသောအချက်က ယော်ကရက်စ်ကို ပွဲထုတ်လာတာပါပဲ။ ဂျီးဆပ်လိုကစားသမားမျိုးရှိနေချိန်မှာ ယော်ကရက်စ်ကိုပွဲထုတ်လာတာ အံ့ဩစရာပါ"
"ဂျီးဆပ်က ယော်ကရက်စ်ထက် ပိုကောင်းတဲ့ကစားသမားပါ။ ဒါကို အချက်အလက်ကျကျမြင်နိုင်ပါတယ်။ အရင်တုန်းကတော့ ဂျီးဆပ်က အာဆင်နယ်အတွက် ဒါမှမဟုတ် လိဂ်အတွက်လုံလောက်အောင်ကောင်းတဲ့ကစားသမားဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူပိုကောင်းလာတယ်ဆိုတာ မြင်တွေ့နိုင်ပြီး အာဆင်နယ်ကို ပရီးမီးယားလိဂ်ဆုဖလားဆွတ်ခူးပေးနိုင်မယ့် ကစားသမားမျိုးဖြစ်နေပါပြီ"
"ဂျီးဆပ်ကိုပွဲမထုတ်ရင် အာဆင်နယ်အနေနဲ့ ကိုင်ဟားဗက်ဇ်ကို ပွဲထုတ်သင့်ပါတယ်။ သူတို့က ဗဟိုတိုက်စစ်မှူးနေရာမှာ ယော်ကရက်စ်ထက်ပိုကောင်းကြပါတယ်။ အာဆင်နယ်အနေနဲ့ ယော်ကရက်စ်ကို အခုထက်ပိုကောင်းအောင် မလုပ်နိုင်ရင် ဂျီးဆပ်နဲ့ ဟားဗက်ဇ်တို့ထဲက တစ်ယောက်ကိုရွေးချယ်ရမှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။