အန်ဂူမိုဟာဆီကနေ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ မြင်ရဦးမယ်လို့ ဗန်ဒိုက် ပြောကြား
လီဗာပူးအသင်းခေါင်းဆောင် ဗာဂျီလ်ဗန်ဒိုက်က အန်ဖီးလ်ကွင်းမှာ ဗီလာရီးရဲလ်ကို ၄ - ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ဆယ်ကျော်သက် တောင်ပံကစားသမား ရီယိုအန်ဂူမိုဟာဆီမှာ တောက်ပတဲ့ အနာဂတ်တစ်ခု ရှိနေတယ်လို့ ယုံကြည်နေပါတယ်။
ဒီအနိုင်ရလဒ်က ၂၀၂၂ ခုနှစ် ဆီမီးဖိုင်နယ်တုန်းက ဗီလာရီးရဲလ်ကို အနိုင်ယူခဲ့ပြီးနောက်ပိုင်း လီဗာပူးက ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ နှစ်ဂိုးပြတ်ရှုံးနေရာကနေ နောက်က လိုက်ကစားပြီး အနိုင်ရရှိခဲ့တဲ့ ပထမဆုံးပွဲ ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ဒီနိုင်ပွဲကြောင့် လီဗာပူးက ဒီနှစ်ရာသီ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် အနိုင်ရလဒ် စံချိန်ကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဗန်ဒိုက်က"သူက တစ်ပွဲလုံးနီးပါး ဆက်တိုက် အန္တရာယ်ပေးနိုင်ခဲ့ပြီး ပြိုင်ဘက်နောက်ခံလူတွေအတွက် အတော်လေး ခက်ခဲတဲ့ အချိန်တွေကို ဖြစ်စေခဲ့ပါတယ်။
လူတိုင်းက အသင်းအတွက် ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပေမဲ့ သူ့အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက မိုဆာလက်နဲ့အတူ တွဲကစားရခဲ့တာက အမှန်တကယ် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။ မိုဆာလက်က အသင်းရဲ့ အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သလို အရာအားလုံးကို ဖြတ်သန်းကြုံတွေ့ခဲ့ဖူးသူ ဖြစ်တာကြောင့် အဲဒီအချက်အလက် အားလုံးကို ကိုယ့်ဘက်က အပြည့်အဝလေ့လာပြီး ကွင်းထဲမှာ ကိုယ်ပိုင် အရည်အသွေးတွေကို ပြသနိုင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဗန်ဒိုက်က အင်ဂူမိုဟာက ဒီနှစ်ရာသီ သူ့ရဲ့ အရည်အသွေးတွေကို ပြသထားပြီးဖြစ်ပေမဲ့ ဒီထက်မက ပိုတိုးတက်လာနိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။
ဗန်ဒိုက်က"ဒီနှစ်ရာသီ သူ အရည်အသွေးကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ သူ့ဆီကနေ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ မြင်ရဖို့ရှိပါသေးတယ်" လို့ ဆိုပါတယ်။