လီဗာပူးကစားသမားဘဝ၊ ပထမဆုံးလိဂ်သွင်းဂိုးရရှိပြီးနောက် ဝန်ခံချက်တစ်ခုပြုလုပ်ခဲ့တဲ့ အီဆက်ခ်
အီဆက်ခ်က လီဗာပူးအသင်းအတွက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို ရယူပြီးနောက် ပုခုံးထက်မှာ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု လျောကျသွားခဲ့ပြီလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် နယူးကာဆယ်မှ အန်ဖီးလ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူးက အခုရာသီ၊ ပြိုင်ပွဲစုံ ၁၀ ပွဲကစားထားရာမှာ တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
ရာသီကြိုပြင်ဆင်မှုကာလနည်းပါးခြင်းကြောင့် လီဗာပူးကစားသမားဘဝစတင်မှု နှောင့်နှေးကြန့်ကြာခဲ့တဲ့ အီဆက်ခ်က သူ့ရဲ့အန်ဖီးလ်ကစားသမားဘ၀ ပွဲဦးထွက်ပရီးမီးယားလိဂ်ပွဲစဉ်ငါးခုမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါ့အပြင် နည်းပြအန်းစလော့အတွက် ဖိအားတွေကြီးကြီးမားမားသက်ရောက်ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲအနက် ၉ ပွဲရှုံးနိမ့်မှုကာလမှာလည်း သူက အဓိကဇာတ်ကွက်တစ်ခုအဖြစ် ဆက်လက်ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်၊ တနင်္ဂနွေနေ့မှာတော့ ဒီဇာတ်ကြောင်းနှစ်ခုလုံး ပြောင်းလဲသွားခဲ့ပါတယ်။ လန်ဒန်ကွင်းကြီးအတွင်း ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပွဲချိန်မိနစ် ၆၀ မှာ အီဆက်ခ်က ဂတ်ပိုရဲ့ဖန်တီးပေးမှုမှတဆင့် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။
ဒီသွင်းဂိုးကြောင့် အသက်-၂၆ နှစ်အရွယ်ကစားသမားမှာ အတော်လေးသက်သောင့်သက်သာရှိလာခဲ့ပါတယ်။ ပွဲထွက်လူစာရင်းမှာ အီကီတီကီအစား ပါဝင်လာတဲ့ အီဆက်ခ်က အစောပိုင်းပွဲချိန်တွေမှာ ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ ပြုလုပ်ခဲ့ပေမယ့် ဟမ်းမားဂိုးသမား အာရီယိုလာကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ နာကျင်အချိန်ပိုမှာတော့ ဝက်စ်ဟမ်းရဲ့ခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံကျော်ဖြတ်နေတဲ့ လီဗာပူးအတွက် အနိုင်သေချာစေမယ့်ဂိုးကို ဂတ်ပိုက သွင်းယူပေးခဲ့ပါတယ်။
လီဗာပူးကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးရရှိခြင်းကြောင့် ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုး လျော့ကျလာသလို ခံစားရသလားဆိုတဲ့ မေးခွန်းကို အီဆက်ခ်က “ ဟုတ်ပါတယ်။ အချိန်လည်း အတော်လေးကြာမြင့်သွားတယ်ဆိုတာ သိပါတယ်။ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံဆီ ပြန်ရောက်ရှိဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်က ပုံမှန်လမ်းကြောင်းတစ်ခုဆီ လျှောက်လှမ်းနေဆဲပဲဆိုပေမယ့် ဒီဂိုးကို သွင်းယူနိုင်လို့ ဝမ်းသာမိပါတယ်။
ဒီနေ့အတွက် အကောင်းဆုံးခံစားချက်က ကျွန်တော်တို့အသင်း နိုင်ပွဲရရှိမှုပဲ ဖြစ်ပါတယ်။ ဒါကသာ အသင်းမှာ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းတစ်ခု ရရှိလာစေဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကစားသမားတစ်ဦးချင်းအတွက်လည်း အကူအညီဖြစ်စေပါတယ်။ အမှန်ပါပဲ၊ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက်လည်း ဂိုးတွေသွင်းယူနိုင်ခြင်းဆိုတာ အမြဲတမ်းအကူအညီဖြစ်စေပါတယ်။
ဒီနိုင်ပွဲကို ကောင်းတဲ့နည်းလမ်းတစ်ခုမှာ အသုံးပြုဖို့ လိုအပ်ပေမယ့် ကျွန်တော်တို့တွေ မာန်မာနမထောင်လွှားဘဲ နှိမ့်ချနေရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ခက်ခဲတဲ့အချိန်တွေ ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ တစ်ပွဲလောက်နိုင်ရုံနဲ့ ကျွန်တော်တို့ပြန်လာပြီလို့ အပြည့်အဝမဆိုလိုပါဘူး။ အာရုံစူးစိုက်မှုအပြည့်နဲ့ ဒီအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရပါမယ်”လို့ Sky Sports ဆီ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။