နယူးကာဆယ်ကို အနိုင်ရပြီးနောက် အာဆင်နယ်နဲ့ ချန်ပီယံလုပွဲအကြောင်း ပြောလာတဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက မနေ့ညပိုင်း၊ နယူးကာဆယ်ကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပေမဲ့ အာဆင်နယ်နဲ့အပြိုင်ဖြစ်နေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ မန်စီးတီးအသင်းရဲ့ရမှတ်တွေ ထပ်လျော့ကျနိုင်သေးတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အခုပွဲစဉ်အနိုင်ရလဒ်ကြောင့် မန်စီးတီးက အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ နှစ်မှတ်သာ ကွာဟပါတော့တယ်။အာဆင်နယ်ကတော့ ဒီနေ့(တနင်္ဂနွေနေ့)၊ တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။
အခုဆိုရင် ပက်ဂွါဒီယိုလာရဲ့အသင်းက ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက် အနိုင်ရရှိခဲ့ပြီး အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ခုနစ်ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားပါသေးတယ်။ ဒါပေမဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ခုကို မန်စီးတီးအနိုင်ရဖို့ဆိုတာ မလွယ်ကူလှဘူးလို့ ပက်ဂွါဒီယိုလာက ယူဆနေပါတယ်။
"ဒီနေ့အခြေအနေအရဆိုရင် မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အက်စတွန်ဗီလာထက် ၂ မှတ်၊ ချဲလ်ဆီးထက် ၂ မှတ် ပိုသာသွားသလို အခုဆိုရင် ဇယားထိပ်ပိုင်းနဲ့လည်း ပိုနီးစပ်လာပါပြီ။ ဒါက တကယ်ကိုကောင်းမွန်တဲ့ လက္ခဏာပါ" လို့ နယူးကာဆယ်ကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက ပြောပါတယ်။
"ဒါပေမဲ့ အပြောင်းအလဲတွေ အများကြီးဖြစ်လာဦးမယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ ကျွန်တော်တို့လည်း ပွဲတိုင်းအနိုင်မရရှိနိုင်ဘူးလို့ ခံစားရပါတယ်။ အာဆင်နယ် ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့အတွက်တော့ ပွဲစဉ်တိုင်းကို အနိုင်ရရှိဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ ကျွန်တော့်ရဲ့ခံစားချက်ပါ။ ဘာလို့လဲဆိုတော့ အက်ဖ်အေဖလားပွဲစဉ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ရောက်လာပါဦးမယ်။ ခရီးတွေ သွားရဖို့လည်း ရှိပါတယ်။ ကာရာဘောင်းဖလားဗိုလ်လုပွဲကတော့ နိုင်ငံတကာပွဲစဉ်တွေရှိလို့ အနည်းငယ်ကွဲပြားနိုင်ပေမဲ့ ပွဲတွေ အများကြီးကစားရပါဦးမယ်။ ဒဏ်ရာပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။ အများကြီး ဖြစ်လာဦးမှာပါ" လို့ ၎င်းက ဆိုပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "အကောင်းဆုံးကတော့ အခု အနားယူပြီး လိဒ်စ်နဲ့ပွဲစဉ်ဆီကို အာရုံစိုက်ထားဖို့ပါပဲ။ ပြီးမှ ရှေ့ဆက်ကြည့်ကြတာပေါ့။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဘယ်လောက်အထိ ခြေစွမ်းပြနိုင်မလဲ၊ ဘယ်လောက် ပိုကောင်းလာမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ နယူးကာဆယ်နဲ့ပွဲစဉ်က ပြီးပြည့်စုံတဲ့ပွဲစဉ်လားဆိုတော့ မဟုတ်ပါဘူး၊ စံပြပွဲတစ်ခုလားဆိုရင်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အသင်းတစ်ခုအဖြစ် ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်တို့၊ ပရီးမီးယားလိဂ်တို့မှာ နယူးကာဆယ်လိုအသင်းမျိုးနဲ့ရင်ဆိုင်ရချိန် အသင်းတစ်ခုအဖြစ် ရှိနေဖို့ဆိုတာ လိုအပ်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့ လု်ပဆောင်သွားရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။