မန်စီးတီးပရိသတ်တွေရဲ့အားပေးမှုကြောင့် နယူးကာဆယ်ကိုအနိုင်ရခဲ့တာဖြစ်တယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ
ဒီပွဲရဲ့ ပထမပိုင်းမှာ မန်စီးတီးအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို နီကို အိုရွိုင်းလီက သွင်းယူပေးခဲ့တာဖြစ်ပြီး နယူးကာဆယ်အတွက် ချေပဂိုးကိုတော့ လူးဝစ်ဟောလ်က ကန်သွင်းရာကနေ လမ်းကြောင်းပြောင်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
"ဒီနေ့ ပရိသတ်တွေနဲ့ ကျွန်တော်တို့ကြားက ဆက်ဆံရေးက ဒီရာသီမှာ အကောင်းဆုံးပါပဲ" လို့ ပွဲအပြီးမှာ ဂွါဒီယိုလာက ဆိုပါတယ်။ "ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲစဉ် ၅ ပွဲ ကျန်ပါသေးတယ်၊ ကျွန်တော်တို့အတွက် ဒီလို အားပေးမှုမျိုး (vibe) ဆက်ရှိနေဖို့ လိုပါတယ်။ ဒီနေ့ ကျွန်တော်တို့ ကစားခဲ့ရတဲ့ ပွဲမျိုးက ကျန်ရှိနေတဲ့ ၁၁ ပွဲလုံးမှာလည်း ကြုံတွေ့ရဦးမှာပါ။ တကယ့်ကို ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ကျွန်တော် အမြဲပြောသလိုပဲ ကျွန်တော်တို့က ပရိသတ်တွေအတွက် ကစားပေးရမှာပါ" လို့ ၎င်းက ပြောပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "တစ်ခါတလေကျရင် သူတို့တွေ (ပရိသတ်တွေ) အကြောင်းအမျိုးမျိုးကြောင့် ကွင်းထဲကို မလာနိုင်ကြဘူး၊ အထူးသဖြင့် ကြားရက်ပွဲတွေဆိုရင် နောက်တစ်နေ့မှာ ကလေးတွေ ကျောင်းတက်ရမှာမို့လို့ပါ။ ဒါပေမဲ့ မနက်ဖြန် (တနင်္ဂနွေနေ့) က အားလပ်ရက်ဖြစ်နေတော့ အားလုံးက ကွက်တိပါပဲ။ သူတို့ကို လာရောက်အားပေးဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်သလို သူတို့ကိုလည်း စိတ်ပျက်အောင် မလုပ်ချင်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီကို စရောက်ကတည်းက ကျွန်တော့်ရဲ့အသင်းတွေမှာ စိတ်ဓာတ်နဲ့ ဝိညာဉ် အပြည့်ရှိပါတယ်" လို့ ဆိုပါတယ်။
"ကစားသမားတွေက အရာရာကို ကြိုးစားကြပါတယ်။ နယူးကာဆယ် ဒီမှာ လာကစားသွားတဲ့ပုံစံက တစ်ယောက်ချင်းကပ်ကစားတဲ့ (man marking) ပုံစံပါ၊ ဒီလိုကစားကွက်မျိုးမှာ သူတို့ကို အသာစီးရအောင် ကစားနိုင်မှဖြစ်မှာပါ၊ မဟုတ်ရင် ဒီနေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီနေ့ သူတို့က ကပ်ကစားတယ်၊ ကြမ်းကြမ်းတမ်းတမ်းရှိတယ်၊ ဘောလုံးလုတာတွေမှာလည်း အနိုင်ရကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကလည်း တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ စည်းချက် (rhythm) ပါပဲ။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်အသင်းတွေအားလုံး ချန်ပီယံလိဂ်မှာ ရှိနေသေးတာပါ၊ ဒီစည်းချက်က တကယ်ကို အားကောင်းလွန်းပါတယ်" လို့ ဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက "ကျွန်တော်တို့ ကစားခဲ့ရတဲ့ပွဲက တကယ့်ကို ခက်ခဲပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ အက်စတွန်ဗီလာနဲ့ လိဒ်စ်ပွဲကို အရင်ကြည့်ခဲ့သေးတယ်၊ အိုး... ဘုရားရေ။ ရှေ့လျှောက် ပွဲတိုင်းက အဲဒီလိုပဲ ခက်ခဲလာတော့မှာပါ" လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။