The network connection is lost.

Banner Image

ရိုဒီရီကို မန်စီးတီးမှာဆက်နေဖို့ တိုက်တွန်းလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့ အဓိကကွင်းလယ်လူ ရိုဒရီကို အသင်းမှာပဲ ဆက်ရှိနေဖို့အတွက် တိုက်တွန်းပြောကြားလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုဒရီဟာ ဒဏ်ရာပြဿနာတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ချန်ပီယံဆုအတွက် အားပြိုင်နေတဲ့ မန်စီးတီးအသင်းရဲ့ အဓိကအကျဆုံး ကစားသမားအဖြစ် ပြန်လည်ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။

ရိုဒရီရဲ့ အက်တီဟတ်ကွင်းက စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ သူ့ကို စပိန်မြေဆီ ပြန်လည်ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းက အထူးစိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နယူးကာဆယ်နဲ့ကစားရမယ့် အရေးကြီးတဲ့ ပရီမီယာလိဂ်ပွဲစဉ်မတိုင်ခင် Sky Sports နဲ့ အင်တာဗျူးမှာတော့ ဂွါဒီယိုလာက ရိုဒရီရဲ့ အရေးပါပုံကို ထပ်လောင်းပြောကြားခဲ့သလို သူ့ကို အသင်းမှာပဲ ဆက်ရှိစေချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

"သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်တာ အမှန်ပါပဲ၊ ဒါကို ကျွန်တော် တကယ်ကို လိုလားပါတယ်" လို့ ဂွါဒီယိုလာက ဆိုပါတယ်။

၎င်းက ဆက်လက်ပြီး "ရိုဒရီကတော့ ရိုဒရီပါပဲ။ အသက်အရွယ်ရလာတာနဲ့အမျှ သူဟာ ပိုပြီးရင့်ကျက်လာသလို ကစားကွက်ကိုလည်း ပိုပြီး နားလည်လာခဲ့ပါတယ်။ ခက်ခဲတဲ့အခြေအနေတွေနဲ့ ပွဲကြီးပွဲကောင်းတွေမှာ ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာနဲ့ပဲ ကစားသမားတွေကို တိုင်းတာရတာပါ။ ရိုဒရီဟာ ဘာနာဒိုဆေးဗား၊ ရူဘင်ဒီယက်စ်တို့လိုပဲ အဲ့ဒီလိုကစားသမားမျိုး ဖြစ်ပါတယ်။ အရင်ကလည်း ကျွန်တော့်ဆီမှာ အဲ့ဒီလိုကစားသမားတွေ အများကြီးရှိခဲ့ဖူးပါတယ်။ အခုလို အရည်အချင်းရှိပြီး စိတ်ဓာတ်ခိုင်မာတဲ့ ကစားသမားမျိုးတွေ မရှိဘဲနဲ့ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဘယ်လိုမှ ရယူနိုင်မှာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။