The network connection is lost.

Banner Image

ယော်ကရက်စ်က အာဆင်နယ်အတွက် အရေးပါတဲ့ခေါ်ယူမှုဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ဗစ်တာယော်ကရက်စ်ကိုခေါ်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ကြောင်းနဲ့ ကစားသမားဟာ အသင်းအတွက် အလွန်အရေးပါတဲ့သူဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဲဗာတန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယော်ကရက်စ်ဟာ အသင်းအတွက် တစ်လုံးတည်းသောအဖိုးတန်အနိုင်ဂိုးကို ပင်နယ်တီမှတစ်ဆင့်သွင်းပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်စေခဲ့ပါတယ်။ 

အဆိုပါသွင်းဂိုးဟာ ယော်ကရက်စ်ရဲ့ ဒီရာသီပရီးမီးယားလိဂ် ၅ ဂိုးမြောက်သွင်းဂိုးသာဖြစ်သလို၊ ဆွီဒင်လက်ရွေးစင်ဟာ သူ့ရဲ့မကြာခဏဂိုးပေါက်ပျောက်ဆုံးမှုတွေကြောင့် ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာ ရွန်းနီကတော့ ယော်ကရက်စ်ဟာ အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းမှာ အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားနေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းက "လူတွေသတိမထားမိတာလား ဒါမှမဟုတ် သေချာမမြင်ရတာလားတော့မသိပါဘူး။ ဒါပေမယ့် ယော်ကရက်စ်က ပြိုင်ဘက်ဗဟိုနောက်ခံလူတွေကို သူ့ဆီမှာခေါ်ထားပေးပြီး အာဆင်နယ်ရဲ့တိုက်စစ်ကို ကူညီနေပါတယ်။ ပေါ်တူဂီမှာတုန်းကလို ဂိုးတွေအများကြီးမသွင်းနိုင်သေးတာမှန်ပေမယ့် သူအခုလုပ်နေတာတွေက အရမ်းကောင်းပါတယ်"

"ဥပမာ တနင်္ဂနွေနေ့ကပွဲက သူကအဲဗာန်နောက်ခံလူတွေဖြစ်တဲ့ တာကိုစကီးနဲ့ မိုက်ကယ်ကိန်းတို့ကို ထိန်းချုပ်ထားပြီး အသင်းဖော်တွေအတွက် နေရာလွတ်တွေရှာပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူက အာဆင်နယ်အတွက်အရေးပါတယ်ဆိုတာ သိသာစေပါတယ်။ သူက အသင်းဖော်တွေကိုကူညီပေးနိုင်တာကြောင့် မျှော်လင့်ထားသလောက်ဂိုးတွေမရသေးတာပဲ အားနည်းချက်ရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အဲဗာတန်ကိုအနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ယော်ကရက်စ်ကလည်း အသင်းအနေနဲ့ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားပေမယ့် နှိမ့်ချစွာနေပြီး တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုးကို ထိန်းသိမ်းထားဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆွီဒင်သားက "နိုင်ပွဲတွေရပြီး ဇယားထိပ်မှာရှိနေရတာက အရမ်းကောင်းမွန်တဲ့ခံစားချက်ပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ အသင်းရဲ့အခြေအနေက အားရစရာမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လျှောက်ရမယ့်ခရီးက အဝေးကြီးကျန်ပါသေးတယ်။ ခရစ္စမတ်ကာလမှာ ပွဲတွေအများကြီးဆက်ကစားရမှာဖြစ်ပြီး ဒါကို ကြံ့ကြံ့ခံရင်ဆိုင်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။