The network connection is lost.

Banner Image

ယော်ကရက်စ်က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှ တစ်ဦးဖြစ်တယ်လို့ ရိုက်စ် ချီးကျူး

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်က ပြီးခဲ့တဲ့နွေရာသီမှာ ပေါ်တူဂီကလပ် စပို့တင်းမှ အသင်းသို့ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဗစ်တာယော်ကရက်စ်ကဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှတစ်ဦးဖြစ်ကြောင်း ချီးကျူးလာခဲ့ပြီး မကြာမီမှာပဲ သူ့ရဲ့အစွမ်းအစကို သက်သေပြသနိုင်မယ်လို့ ယုံကြည်ကြောင်း‌ ပြောကြားခဲ့ပါတယ်။

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ယော်ကရက်စ်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲကစားပြီးချိန်မှာ ၄ ဂိုးသာသွင်းယူထားနိုင်ပြီး ပြိုင်ပွဲစုံမှာတော့ စုစုပေါင်း ၇ ဂိုးသာသွင်းယူနိုင်သေးတာဖြစ်ပါတယ်။ စပို့တင်းမှာရှိစဉ်က ယော်ကရက်စ်ရဲ့ခြေစွမ်းဟာ အခုထက်ပိုကောင်းခဲ့သလို၊ သွင်းဂိုးတွေလည်း တရစပ်ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အသားကျဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ 

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာအနေနဲ့လည်း ပေါင် ၆၄ သန်းတန်တိုက်စစ်မှူးထံမှ အကောင်းဆုံးခြေစွမ်းကိုရရှိနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ သို့သော်လည်း ဒီကလန်ရိုက်စ်ကတော့ ယော်ကရက်စ်ဟာ သူ့ရဲ့အစွမ်းအစကို သက်သေပြသနိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားလာခဲ့ပါတယ်။ 

ဘုန်းမောက်ကိုအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အင်္ဂလန်လက်ရွေးစင်က "ဒီမှာကစားရတာ သူ့အတွက်က တကယ်ခက်ခဲပါတယ်။ ပွဲတိုင်းမှာ နောက်ခံလူနှစ်ယောက်က သူ့နောက်ကို တကောက်ကောက် လိုက်နေကြတာပါ။ ဒါကြောင့် သူက အသင်းကိုကူညီဖို့ သူ့ရဲ့ခွန်အားကို သုံးပါတယ်၊ အစွမ်းကုန် ကြိုးစားပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးမှာဆိုရင်လည်း မာတင်နယ်လီရဲ့ ပေးပို့မှု ကို သူက ပြေးထွက်ပြီး ထိန်းပေးထားပြီးမှ အိုဒီဂတ်ဆီ ချပေးခဲ့တာပါ။ သူသာ အဲဒီလို မလုပ်ပေးခဲ့ရင် အဲဒီဂိုးက ဖြစ်လာမှာ မဟုတ်ပါဘူး" 

"သူ ဘောလုံးကို ဘယ်လောက်အထိပြင်းပြင်း ကန်နိုင်လဲဆိုတာ ကျွန်တော် မြင်ဖူးပါတယ်။ အခွင့်အရေးရလာရင် သူ သေချာပေါက် ဂိုးသွင်းနိုင်မှာပါ။ အခုလောလောဆယ်မှာတော့ ပရီးမီးယားလိဂ် နောက်ခံလူတွေက ဗစ်တာယော်ကရက်စ်ဆိုတဲ့ သူ့လိုကစားသမားကိုကို တားဆီးချင်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက် ဖြစ်နေလို့ပါပဲ" 

"ကျွန်‌‌တော်ပြောတာယုံပါ။ သူက အသင်းအတွက်မယုံနိုင်စရာကောင်းလောက်အောင် အကူအညီတွေပေးထားနိုင်ပါတယ်။ သူသာမရှိရင် ကျွန်တော်တို့ ဒီအခြေအနေအထိ ရောက်လာမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်သောကြာနေ့မှာတော့ အာဆင်နယ်ဟာ နောက်ထပ်ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးကို အိမ်ကွင်းအမ်းမရိတ်စ်မှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ဒီကလန်ရိုက်စ်ပြောတဲ့အတိုင်း ယော်ကရက်စ်တစ်ယောက်သူ့ရဲ့အစွမ်းအစကို သက်သေပြသသွားနိုင်မလား စောင့်ကြည့်ရပါမယ်။