ဗန်ဒါဆားကိုဘာကြောင့် လေးစားအားကျသလဲရှင်းပြလာတဲ့ လမ်မန်းစ်
မန်ချက်စတာယူနိုက်တက်ဂိုးသမား လမ်မန်းစ်က ချန်ပီယံလိဂ်ဆုဖလားပိုင်ရှင် အက်ဒဝင်ဗန်ဒါဆားကို သူ လေးစားအားကျမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ လမ်မန်းစ်က ယူနိုက်တက်ရဲ့ နံပါတ် (၁) ဂိုးသမားဟောင်းကြီးနဲ့ သူဟာ အများကြီး တူညီမှုရှိတယ်လို့ ခံစားရကြောင်း ဆိုပါတယ်။
သူ အားကျခဲ့ရတဲ့ ယူနိုက်တက်ဂိုးသမားဟောင်းတွေအကြောင်း မေးမြန်းရာမှာတော့ လမ်မန်းစ်က PLP ကို အခုလို ပြောပြခဲ့ပါတယ်။ "ကျွန်တော် ကြီးပြင်းလာတဲ့အချိန်မှာတော့ ဒေးဗစ်ဒီဂီယာက ကမ္ဘာ့အဆင့် ဂိုးသမားတစ်ဦး ဖြစ်ခဲ့သလို အခုထိလည်း ဖြစ်နေတုန်းပါပဲ။ အထူးသဖြင့် သူ ဒီကလပ်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ နှစ်တွေမှာပေါ့။ ဒါကြောင့်လည်း သူ့ကို အမြဲတမ်းလိုလို စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။"
"ဒါပေမဲ့ ကျွန်တော် ငယ်ငယ် ၂၀၀၈/၂၀၀၉ ဝန်းကျင်တုန်းက ယူနိုက်တက်က အောင်မြင်မှုတွေ အထွတ်အထိပ် ရောက်နေချိန်ဖြစ်ပြီး ဂိုးပေါက်မှာ ဗန်ဒါဆား ရှိနေခဲ့တာပါ။ သူ့ရဲ့ လက်စွမ်းပြကာကွယ်မှုတွေထဲက တစ်ခုခုကို အတိအကျ မမှတ်မိတော့ပေမဲ့ သူနဲ့ ကျွန်တော် ပိုပြီး တူညီမှုရှိတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ စရိုက်တွေက နည်းနည်း ပိုတူကြမယ် ထင်ပါတယ်။ သူက ပွဲတိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ခံစစ်နောက်ကွယ်မှာ ကျောက်ဆောင်တစ်ခုလို ရှိနေပေးခဲ့တာပါ။ ကျွန်တော် အသင်းဖော်တွေကိုလည်း အမြဲပြောလေ့ရှိပါတယ်။ ကျွန်တော်တို့က အသင်းကြီးမှာ ကစားနေတာဖြစ်ပြီး အရည်အချင်းရှိတဲ့ အသင်းဖော်တွေ အများကြီးရှိတာကြောင့် သူတို့ကိုလည်း တောက်ပခွင့်ပေးဖို့ လိုပါတယ်လို့။"
"ဂိုးသမားတစ်ယောက်အနေနဲ့ တစ်ခါတလေကျရင် လက်စွမ်းပြကာကွယ်မှုတွေ အများကြီး လုပ်ပြဖို့ မလိုပါဘူး။ ပွဲကို လက်လွှတ်မခံလိုက်ဖို့နဲ့ ပွဲထဲမှာ အမြဲအာရုံစိုက်နေဖို့ပဲ လိုတာပါ။ အဲ့ဒီအခါကျမှ ဘရူနို ဖာနန်ဒက်စ်တို့လို ကစားသမားတွေ ဒါမှမဟုတ် တိုက်စစ်မှူးတွေက ပွဲရဲ့ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်မှာပါ။ ဒါကြောင့် လိုအပ်တဲ့အချိန်မှာ ကျွန်တော့်အသင်း ပွဲထဲမှာ ဆက်ရှိနေနိုင်အောင် ကျွန်တော် ကြိုးစားနေတာပါ" လို့ ၎င်းက ပြောကြားသွားခဲ့ပါတယ်။