The network connection is lost.

Banner Image

ယူနိုက်တက်ကို အင်းအားဖြည့်တင်းဖို့ ကစားသမားတွေ ထပ်မံခေါ်ယူရဦးမယ်လို့ဆိုလာတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းကိုအင်အားဖြည့်တင်းဖို့ဆိုရင် လက်ရှိလူစာရင်းနဲ့ လုံလောက်ခြင်းမရှိသေးတာကြောင့် ‌ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့လိုအပ်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ ဒဏ်ရာပြဿနာစုစုပေါင်း ၇၀ ကျော်အထိတွေ့ကြုံခဲ့ရတာကြောင့် ယခုရာသီမှာ‌တော့ ကြံ့ခိုင်ရေးပြည့်ဝဖို့သာ အဓိကတည်ဆောက်သွားရမှာဖြစ်ပါတယ်။ 

လက်ရှိနွေရာသီအပြောင်းအရွှေ့အတွင်းမှာ ယူနိုက်တက်ဟာ လိုင်လီနောက်ခံလူ လန်နီယိုရိုကို ပေါင် ၅၉ သန်းနဲ့ခေါ်ယူထားနိုင်ခဲ့သလို ဘိုလော့ဂ်နာတိုက်စစ်မှူး ဂျိုရှူးဝါးဇာကီကိုလည်း ပေါင် ၃၆.၆ သန်းနဲ့ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့် နောက်ထပ် ကစားသမားတွေခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ 

ကစားသမား ဘယ်နယောက်လိုချင်သလဲလို့ မေးမြန်းခဲ့ရာ တန်ဟက်က "ကျွန်တော်တို့က အသင်းကို တတ်နိုင်သလောက် သန်မာအောင်တည်ဆောက်သွားရမှာပါ။ အခု ကျွန်တော်တို့ အရမ်းကောင်းတဲ့ ကစားသမား ၂ ဦးကို ဝယ်ယူထားနိုင်ပါတယ်။ ဒါကြောင့် လတ်တလောအသင်းရဲ့အခြေအနေက ကြံ့ခိုင်နေပြီး ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်ပါတယ်။ ဒါပေမယ့် အသင်းမှာ ဒဏ်ရာပြဿနာက ရှိနေပါသေးတယ်။ ဒါကြောင့် အသင်းအနေနဲ့ နက်နက်ရှိုင်းရှိုင်းကောင်းမွန်ဖို့ဆိုရင် ဒဏ်ပြဿနာကနေ ကင်းလွတ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ လက်ရှိ ကျွန်တော်တို့လိုချင်တဲ့ စံချိန်စံညွှန်းတွေကိုလိုက်မီဖို့ လိုအပ်ချက်တွေရှိနေသေးပေမယ့် ဒီရာသီမှာတော့ အသင်းရဲ့အဓိက ရည်ရွယ်ချက်က ကြံ့ခိုင်မှုပြည့်ဝဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။

အသင်းရဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ ကတ်စမဲရိုးနဲ့ တိုမီနေးတို့ ထွက်ခွာနိုင်ချေရှိတာကြောင့် ယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့လိုအပ်နေသလို ညာနောက်ခံနဲ့ ဘယ်နောက်ခံနေရာတွေအတွက်လည်း လိုအပ်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုခံစစ်နေရာအတွက်လည်း ယူနိုက်တက်ဟာ ကစားသမားသစ်ရှာဖွေနေပြီး လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်မှ ဒီလစ်နဲ့ အဲဗာတန်ကြယ်ပွင့် ဂျာရတ်ဘရန့်ဝိတ်တို့ကို ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ 

ဆက်လက်ပြီးတန်ဟက်က "ကျွန်တော်တို့ ကစားသမား ၂ ယောက်ကိုခေါ်ယူထားနိုင်ပြီးဖြစ်ပေမယ့် နောက်ထပ်ကစားသမားတွေကိုခေါ်ယူဖို့ ဩဂုတ်လ ၃၀ ရက်နေ့အထိအချိန်ရပါသေးတယ်။ ကစားသမား‌သစ်တွေနဲ့ အင်အားဖြည့်ဖို့ကြိုးစားနေပေမယ့်လက်ရှိအသင်းမှာ ရှိနေတဲ့ကစားသမားတွေအတွက်လည်း ချိန်ညှိရမှာတွေရှိပါသေးတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရတာက အကြောင်းပြချက်တွေအများကြီးရှိပါတယ်။ ဥပမာအနေနဲ့ ပွဲအရေအတွက်များတာ၊ ကစားသမားတွေကို ဝန်ပိစေတာ၊ ပွဲအချိန်ဇယားအဆင်မပြေတာ စတဲ့ဒီအချက်တွေ‌ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြဿနာကြုံတွေ့ခဲ့တာ ကျွန်တော်တို့ တစ်သင်းတည်းမဟုတ်ပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။