လီဗာပူးအသင်းရဲ့ပြဿနာမျိုးစုံနဲ့ ဘယ်အပိုင်းကို အပြစ်တင်ရမလဲဆိုတာ ရှင်းပြသွားတဲ့ ဘိုင်ယန်အကြီးအကဲ
ဘိုင်ယန်မြူးနစ်အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအူလီဟိုးနက်စ်က လီဗာပူးကစားသမားဖလော်ရီယန်ဝစ်ဇ်အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောကြားခဲ့ကြောင်း Bild သတင်းဌာနရဲ့ ခေါင်းကြီးပိုင်းသတင်းအရ သိရပါတယ်။ တနင်္ဂနွေနေ့၊ မြူးနစ်မှာကျင်းပတဲ့ Power Days အခမ်းအနားအတွင်း ဟိုးနက်စ်က ပရိသတ်အများအပြားနဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့မှတ်ချက်ပြုပြောစကားတွေကို Bild မှ ပြန်လည်ဖော်ပြခဲ့ပါတယ်။
ဟိုးနက်စ်က လီဗာပူးအသင်းမှာ ဖလော်ရီယန်ဝစ်ဇ်ရုန်းကန်နေရမှုနဲ့ မကြာသေးမီလများအတွင်း ကြိုးကြာနီတွေရဲ့ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်အကြောင်းကို မီးမောင်းထိုးပြောပြခဲ့ပါတယ်။ လီဗာပူးအသင်းက လတ်တလောရက်သတ္တပတ်တွေအတွင်း ပြိုင်ပွဲစုံ ၁၃ ပွဲကစားရာ လေးပွဲသာ အနိုင်ရရှိပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲစဉ်တွေအနက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်လည်း ပါဝင်ပါတယ်။ သူတို့တွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၈ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ ကိုးမှတ်အထိ ကွာဟနေပါတယ်။
ဘိုင်ယန်မြူးနစ်ကိုယ်စားလှယ်ကြီးကတော့ လီဗာပူးမှာ အန်းစလော့အတွက် အဓိကပြဿနာတစ်ရပ်ဖြစ်နေတယ်လို့ သူယုံကြည်ထားတဲ့အရာကို ဖော်ပြသွားခဲ့ပါတယ်။
အူလီဟိုးနက်စ်က “ သူတို့တွေ ယူရိုသန်း ၅၀၀ အထိ သုံးစွဲခဲ့ပြီး ဆိုးရွားတဲ့ရာသီသစ်စတင်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဒါတွေဟာ သူတို့အသင်းမှာ စူပါစတားတွေချည်းပဲ ရှိနေလို့ ဖြစ်ပါတယ်။ သူတို့ဆီမှာ ဗိုလ်တွေသာရှိပြီး တပ်သားမရှိပါဘူး။ ကျွန်တော်အမြဲပြောလေ့ရှိတာက လီဗာပူးတော့ သိပ်မကြာခင် ဘောလုံးငါးလုံးလောက်နဲ့ ကစားရတော့မယ်ဆိုတာပါပဲ။ ဘာကြောင့်လို့လဲဆိုတော့ စူပါစတားတွေက ဘယ်သူ့အတွက်မှ မစွန့်လွှတ်မစွန့်စားလို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အခုနွေရာသီကာလမှာ အသက်-၂၂ နှစ်အရွယ်ကစားသမားဆီ ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှု ရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဇွန်လအတွင်းမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံတွေကို ရွေးချယ်သွားခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်က ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန်အထိ ဂိုးပါဝင်ပတ်သက်မှုတစ်ကြိမ်တောင် မစွမ်းဆောင်ထားနိုင်ပါဘူး။ အန်ဖီးလ်မှာ ကွင်းလယ်တိုက်စစ်ကစားသမားရဲ့စွမ်းဆောင်ရည်ပိုင်း ညံ့ဖျင်းနေပေမယ့် ဂျာမန်ပြည်တွင်းမီဒီယာတွေကတော့ ဖလော်ရီယန်ဝစ်ဇ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်လလောက်က Bild သတင်းစာက လီဗာပူးအသင်းအတွက် ဖလော်ရီယန်ဝစ်ဇ်ခြေစွမ်းပိုင်း ညံ့ဖျင်းနေရတဲ့အကြောင်းရင်းအဖြစ် မိုဆာလက်ကို ဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်မှာလည်း SportBild က အီဂျစ်သားဟာ အင်္ဂလန်ချန်ပီယံတွေနဲ့ ဖလော်ရီယန်ဝစ်ဇ်အတွက် အဓိကပြဿနာတစ်ရပ်ဖြစ်လာခဲ့ပြီလို့ ရေးသားခဲ့ပါတယ်။ အခုလည်း အူလီဟိုးနက်စ်က ဖလော်ရီယန်ဝစ်ဇ်ရုန်းကန်နေရခြင်းအကြောင်းရင်းတွေအနက် တစ်ခုအဖြစ် လီဗာပူးကြယ်ပွင့်ကို ထောက်ပြလာပါတယ်။
ဟိုးနက်စ်က “ သနားစရာ ဖလော်ရီယန်ဝစ်ဇ်ပါ။ မိုဆာလက်နဲ့ ဆိုဘိုဆလိုင်းတို့ကြောင့် သူ ဘောလုံးတောင် မရတော့ပါဘူး။ အခြားသူတွေကိုယ်တိုင်လည်း သူတို့ကစားချင်တဲ့ပုံစံအတိုင်းသာ ကစားကြပါတယ်”လို့ ရှင်းပြပါတယ်။