လီဗာပူးမှာ အီဆက်ခ်ကို ကမောက်ကမဖြစ်အောင် အန်းစလော့ လုပ်ခဲ့တယ်လို့ ဒွိုက်ယော့ခ်ဝေဖန်
အန်ဖီးလ်ကစားသမားဘ၀အဖွင့်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်ခဲ့ရတဲ့ အီဆက်ခ်ရဲ့ အကောင်းဆုံးပုံစံကို လာမယ့်ဘောလုံးရာသီသစ်မှာ မြင်တွေ့ရဖို့ လီဗာပူးပရိသတ်တွေ မျှော်လင့်နေကြပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ၊ အချိန်ယူဆွေးနွေးခဲ့မှုတွေအပြီး လီဗာပူးက အနယူးကာဆယ်ကို ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၂၅ သန်းပေးချေကာ အီဆက်ခ်ကို အောင်အောင်မြင်မြင်ခေါ်ယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးက မာဆေးဆိုဒ်မှာ ခြေစွမ်းပြသနိုင်ဖို့ရော၊ ကြံ့ခိုင်မှုပိုင်းပြည့်၀ဖို့ပါ ရုန်းကန်ခဲ့ရပြီး ပရီးမယားလိဂ်ပွဲထွက်ခွင့် ရှစ်ကြိမ်သာ ရရှိခဲ့သလို သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် နည်းပြအန်းစလော့ကိုယ်တိုင်လည်း အီဆက်ခ်ကို အီကီတီကီနဲ့ ဘယ်လိုပုံစံတွဲဖက်အသုံးပြုရမလဲဆိုတာ အဖြေရှာမရသလိုမျိုး ဖြစ်ခဲ့ပုံရပါတယ်။ အခုတော့ နည်းပြသစ်အီရာအိုလာလက်အောက်မှာ အသစ်ပြန်စရတော့မယ့် နယူးကာဆယ်ကြယ်ပွင့်ဟောင်းလည်း ဒဏ်ရာပြဿနာကင်းစင်နေပါပြီ။
အီဆက်ခ်ကို အန်းစလော့အသုံးပြုပုံနဲ့ပတ်သက်လို့လည်း အန်ဖီးလ်မှာ ဝေဖန်သံတွေ အများကြီးထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါနဲ့ပတ်သက်လို့ မန်ချက်စတာယူနိုက်တက်နဲ့အတူ ဖလားသုံးလုံးအောင်ပွဲရယူခဲ့ဖူးတဲ့ ဒွိုက်ယော့ခ်က နယ်သာလန်သားနည်းပြရဲ့ချဉ်းကပ်ပုံအပေါ် အခုလိုမျိုး ပြင်းပြင်းထန်ဝေဖန်ခဲ့ပါတယ်။
"အီဆက်ခ်က ခက်ခဲတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်ကတော့ နယူးကာဆယ်မှာ ရှိချိန်ကတည်းက သူ့ရဲ့ပရိသတ်တစ်ဦး ဖြစ်ခဲ့ပါတယ်" လို့ ဒွိုက်ယော့ခ်က Boyle Sports ဆီ ပြောပါတယ်။
"နည်းပြသစ်အီရာအိုလာလက်အောက် အခုဘောလုံးရာသီသစ်မှာ အီဆက်ခ် ဘယ်လိုခြေစွမ်းပြမလဲ၊ နည်းပြကိုယ်တိုင်ရော သူ့ကို ရှုမြင်သလဲဆိုတာနဲ့ အသင်းကို ဘယ်လိုပုံဖော်မလဲဆိုတာ စောင့်ကြည့်ရတာ စိတ်ဝင်စားစရာကောင်းပါတယ်"
" သူ့ကိုကျော်ပြီး အီကီတီကီ ပွဲထွက်ခွင့်တွေရနေချိန် ကိုယ့်ကိုယ်ကိုယ် ပေါင်သန်း ၁၂၀ တန်တယ်လို့ မခံစားရတော့ဘဲ သံသယတွေ ဝင်လာပါလိမ့်မယ်"
"ပြီးတော့ နည်းပြဟောင်းက သူ့ကို ပွဲမကစားခိုင်းဘဲ လူတွေခဏခဏပြောင်းလဲပြီး ကမောက်ကမတွေ လုပ်ခဲ့ပါတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ အီဆက်ခ်လို ကစားသမားဆီမှ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို လီဗာပူးအသင်း မရရှိနိုင်ပါဘူး"
"တိုက်စစ်မှူးတစ်ဦးဆိုတာ နည်းပြဆီမှ နံပါတ် ၁ ပဲ ဆိုတဲ့အသံမျိုးကို ကြားချင်ကြပါတယ်။ အဲ့ဒီလိုမျိုး နည်းပြရဲ့ယုံကြည်မှု မရဘူးဆိုရင် ရှည်လျားတဲ့ဘောလုံးရာသီကို ဖြတ်သန်းဖို့ ခက်ခဲပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။