
ချီဗာလီယာက ထိပ်တန်းဂိုးသမားဖြစ်လာနိုင်တယ်လို့ မာကွင်ဟိုစ် အခိုင်အမာပြော
ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟိုစ်က ဒွန်နာရမ်မာနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ဂိုးသမားသစ် လူးကပ်စ်ချီဗာလီယာဟာ အလွန်အလားအလာရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်းနဲ့ ထိပ်တန်းဂိုးသမားတစ်ယောက်ဖြစ်လာနိုင်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းရဲ့ဂိုးသမား ဒွန်နာရမ်မာတစ်ယောက် မန်စီးတီးသို့ထွက်ခွာသွားခဲ့ပြီးနောက် ပီအက်စ်ဂျီဟာ ချီဗာလီယာကို ပြိုင်ဘက်လီဂူးဝမ်းကလပ် လိုင်လီမှ ပြောင်းရွှေ့ကြေး ပေါင် ၄၆ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးထားနိုင်ခဲ့တာကြောင့် ပရိသတ်တွေက ချီဗာလီယာအနေနဲ့ အီတလီသားနေရာမှာ ဆက်ခံဖို့ အရည်အချင်းပြည့်မီပါ့မလားလို့ သံသယဝင်ခဲ့ကြပါတယ်။
သို့သော်လည်း ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဂိုးသမားစာရင်းမှာ ပါဝင်လာတဲ့ ချီဗာလီယာကတော့ ပီအက်စ်ဂျီသို့ရောက်ရှိချိန်ကတည်းက သူ့ကိုယ်သူသက်သေပြထားပြီး အသင်းရဲ့ဂိုးပေါက်မှာ တာဝန်ကျေတဲ့ ကစားသမားတစ်ယောက်အဖြစ် တည်တည်ငြိမ်ငြိမ်လက်စွမ်းပြနေတာဖြစ်ပါတယ်။ ယခုအခါမှာ အသင်းခေါင်းဆောင်မာကွင်ဟိုစ်ကလည်း "သူအသင်းမှာ အသားကျတာ အရမ်းမြန်ပါတယ်။ ပြီးတော့ သူကပြင်သစ်စကားကိုလည်း အစကတည်းက ကောင်းကောင်းပြောတတ်ပြီးသားပါ။ ပီအက်စ်ဂျီလိုအသင်းမျိုးကိုပြောင်းရွှေ့ရတာ မလွယ်ပါဘူး။ အထူးသဖြင့် အရမ်းကောင်းတဲ့ဂိုးသမားနေရာမှာ အစားထိုးဖို့က ပိုပြီးတော့ စိန်ခေါ်မှုများပါတယ်"
"ဒါပေမယ့် ချီဗာလီယာကတော့ သူဘယ်လောက်အထိလုပ်နိုင်စွမ်းရှိသလဲ ပြသထားနိုင်ပါတယ်။ ကျွန်တော်တို့ သူ့ကိုပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး ဘယ်လောက်အထိ အလားအလာရှိတဲ့ကစားသမားလဲဆိုတာ သိထားပြီးသားပါ။ ထိပ်တန်းဂိုးသမားတစ်ယောက်ဖြစ်လာမယ်ဆိုတာ သံသယမရှိယုံကြည်ပါတယ်"
"သူ့ရဲ့အရည်အသွေးကို ပွဲစဉ်တိုင်းမှာလည်း ပြသထားနိုင်ပါတယ်။ သူကဒွန်နာရမ်မာနဲ့မတူပေမယ့် အရမ်းကောင်းတဲ့လက်စွမ်းနဲ့ ကျွန်တော်တို့ကိုကူညီနိုင်မှာပါ။ တာဝန်ကျေပြီး အသင်းအတွက်ပေးဆပ်မယ့်ကစားသမားတစ်ယောက်ဆိုလည်းမမှားပါဘူး" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီတလီကလပ် အတ္တလန္တာကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး တိုက်စစ်ကြယ်ပွင့်တွေဖြစ်တဲ့ အူစမန်ဒမ်ဘီလီနဲ့ ဒူရေးတို့ ဒဏ်ရာပြဿနာကြုံတွေ့နေရတာကြောင့် တိုက်စစ်ပိုင်းမှာအခက်ကြုံရနိုင်ချေရှိပါတယ်။ အဆိုပါပွဲစဉ်မှာ ချီဗာလီယာတစ်ယောက် ပွဲထွက်ပါဝင်ခွင့်ရသွားမှာဖြစ်လို့ ဂိုးသမားအနေနဲ့ သူ့ရဲ့တည်ငြိမ်တဲ့လက်စွမ်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။