လန်ဒန်ဒါဘီသရေပွဲစဉ်အပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြတ်ပြတ်သားသားခန့်မှန်းလာတဲ့ ပေါလ်မာဆန်
ပေါလ်မာဆန်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ မန်စီးတီးရဲ့အထက်မှာ ချဲလ်ဆီးတို့ ရပ်တည်နိုင်မယ်လို့ ထောက်ခံခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတော့ အာဆင်နယ်ပဲ လွယ်လင့်တကူသိမ်းပိုက်ရရှိမယ်လို့ ယုံကြည်နေပါတယ်။ လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီးနောက် ဂန်းနားတွေက အနီးဆုံးပြိုင်ဘက်ဖြစ်လာတဲ့ မန်စီးတီးထက် ငါးမှတ်အသာ၊ ချဲလ်ဆီးထက် ခြောက်မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားရပ်တည်ခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်က ကြားရက်၊ အမ်းမရိတ်စ်ကွင်းမှာ နောက်ထပ်လန်ဒန်ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရချိန် နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ ပေါလ်မာဆန်ကိုယ်တိုင်လည်း သူ့ရဲ့အသင်းဟောင်းကို ပျားပိတုန်းတွေနဲ့ရင်ဆိုင်ရချိန် အနိုင်ရလဒ်ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်နေပြီး ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်ကို ဘယ်သူမှ လိုက်မမီနိုင်ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
Sportskeeda နဲ့ဆွေးနွေးခန်းမှာ ပေါလ်မာဆန်က “ အာဆင်နယ်က မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့နဲ့ ရင်ဆိုင်ရချိန် အမှတ်လျော့ကျခဲ့ပေမယ့် အခြားအသင်းအားလုံးကိုတော့ အနိုင်ယူနေပါတယ်။ ဒါက ကွာခြားချက်တစ်ခုကို ဖန်တီးပေးပါတယ်။ ရာသီအစမှာ အာဆင်နယ်ကို တော့တင်ဟမ်၊ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးတို့နဲ့ တစ်ပတ်အတွင်းရင်ဆိုင်ရချိန် နှစ်ပွဲနိုင်၊ တစ်ပွဲသရေဆိုတဲ့ရလဒ် ရရှိလိမ့်မယ်လို့ ပြောလာရင် သူတို့တွေ ကျေနပ်နေကြပါလိမ့်မယ်။
မန်စီးတီးကတော့ အာဆင်နယ်အတွက် အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်နေဆဲဆိုပေမယ့် လိဒ်နဲ့ပွဲစဉ်မှာ သူတို့တွေ အကောင်းဆုံးပုံစံ မရှိနေခဲ့ပါဘူး။ ချဲလ်ဆီးနဲ့သရေကျသွားချိန်မှာတောင် အာဆင်နယ်ရဲ့အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ဘယ်အသင်းမှ မချဉ်းကပ်လာနိုင်ပါဘူး။ ကစားသမားတွေကိုသာ ပုံမှန်အတိုင်း ကောင်းကောင်းဂရုစိုက်နိုင်မယ်ဆိုရင် ဒီရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဂန်းနားတွေ အလွယ်တကူအနိုင်ရရှိသွားမယ်လို့ ထင်ပါတယ်။
ဘရန့်ဖို့ဒ်ကိုလည်း အိမ်ကွင်းမှာ အာဆင်နယ်တို့ သက်သောင့်သက်သာအနိုင်ယူသွားပါလိမ့်မယ်။ ဒီပွဲမှာ ဂန်းနားတွေ ၃-၀ ဂိုးဖြင့် အနိုင်ရရှိမယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ပေါလ်မာဆန်က ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းနဲ့ရင်ဆိုင်ရချိန် ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်ကို အထင်ကြီးနေခဲ့ပြီး အန်ဇိုမာရက်စ်ကာကိုယ်တိုင် ဒီရလဒ်အတွက် အတော်လေးကျေနပ်နေလိမ့်မယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ပေါလ်မာဆန်က ချဲလ်ဆီးရဲ့ချန်ပီယံဆုအိပ်မက်အပေါ် သံသယရှိနေပြီး အနောက်လန်ဒန်သားတွေကို မန်စီးတီးအထက်၊ အမှတ်ပေးဇယားဒုတိယနေရာမှာ ရာသီသိမ်းနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ မာရက်စ်ကာရဲ့အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ လိဒ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။
ပေါလ်မာဆန်က “ အာဆင်နယ်ကို ချဲလ်ဆီးတို့ ရင်ဆိုင်ကစားသွားတဲ့ပုံစံက အထင်ကြီးစရာကောင်းပါတယ်။ ကိုယ့်ရဲ့အကောင်းဆုံးကစားသမား၊ ကွင်းလယ်အင်ဂျင်ထုတ်ပယ်ခံရချိန် အာဆင်နယ်လိုအသင်းကို ဒီလိုမျိုးကစားနိုင်တယ်ဆိုတော့ အန်ဇိုမာရက်စ်ကာကိုယ်တိုင် အရမ်းပျော်ရွှင်နေပါလိမ့်မယ်။ ကျွန်တော်တို့အမြဲပြောခဲ့သလိုပါပဲ၊ ချဲလ်ဆီးဆိုတာ အလွန်ငယ်ရွယ်လွန်းတဲ့အသင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မှာ နိုင်ငံတကာအဆင့်အတွေ့အကြုံရင့်ကစားသမားတွေ အများကြီးရှိပါတယ်။ ငယ်ရွယ်ပေမယ့် ဒီကစားသမားအများစုက စီနီယာအဆင့်မှာကစားဖူးတဲ့ အတွေ့အကြုံတွေ အများကြီးပိုင်ဆိုင်ထားပါတယ်။
ချဲလ်ဆီးအသင်းလူစာရင်းကိုကြည့်လိုက်မယ်ဆိုရင် သူတို့တွေ မန်စီးတီးရဲ့အထက်မှာ ရာသီသိမ်းနိုင်မယ်ဆိုတာ သေချာသွားပါလိမ့်မယ်။ လိဒ်နဲ့ပွဲစဉ်ကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက လိဒ်ပရိသတ်တွေနဲ့ သိပ်အဆင်ပြေကြလို့ပါ။ ၁၉၇၀ ပြည့်နှစ်လွန်ကာလတွေမှာဆိုရင် သူတို့နှစ်သင်းကြားမှာ ပြိုင်ဆိုင်မှုတစ်ခု ရှိခဲ့ဖူးပါတယ်။
အယ်လန်ရုဒ်ခရီးစဉ်က ကြမ်းတမ်းနိုင်ပြီး ချဲလ်ဆီးတို့ အတော်လေးဂရုစိုက်သွားရပါမယ်။ ပထမပိုင်းမိနစ် ၂၀ လောက်အတွင်း ပရိသတ်တွေက လိဒ်ကို ပြတ်ပြတ်သားသားထောက်ခံအားပေးကြမှာဖြစ်လို့ အိမ်ရှင်အသင်းကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေကြပါလိမ့်မယ်။ ချဲလ်ဆီးက မုန်တိုင်းထန်မယ့်အစောပိုင်းကာလတစ်ခုကို ကျော်ဖြတ်နိုင်ရပါမယ်။ ပြီးရင်တော့ သူတို့ပုံစံအတိုင်း ဘောလုံးဆက်ကစားပြီး နိုင်ပွဲတစ်ခုဖော်ဆောင်ဖို့ ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။