စိန့်ပေါ်လီနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ကို ကွန်ပနီချီးကျူး
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက စိန့်ပေါ်လီကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ အသင်းအတွက်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ဒီယက်ဇ်ဟာ ယခုရာသီသူ့ရဲ့ ၇ ဂိုးမြောက်ဘွန်ဒက်စ်လီဂါသွင်းဂိုးကို ရရှိခဲ့တာဖြစ်သလို၊ ဘိုင်ယန်မြူးနစ်အနေနဲ့လည်း နိုင်ပွဲကြောင့် အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ ဒီယက်ဇ်ဟာ ပီအက်စ်ဂျီနဲ့ပွဲမှာရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် လွဲချော်ထားခဲ့ပေမယ့် စိန့်ပေါ်လီနဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်လူစာရင်းထဲ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒီယက်ဇ်ဟာ ယခုပွဲစဉ်မှာ အသင်းအတွက်ဂိုးဖန်တီးမှု ၁ ကြိမ်လည်းပြုလုပ်ပေးနိုင်ခဲ့သလို၊ဂိုးလည်းသွင်းယူနိုင်ခဲ့တာကြောင့် ကွန်ပနီရဲ့ချီးကျူးမှုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ ဘယ်လ်ဂျီယံသားနည်းပြက "လူးဝစ်ဒီယက်ဇ်က ပြိုင်ဘက်နောက်တန်းကို ရှုပ်ထွေးစေတဲ့ ဖန်တီးနိုင်စွမ်းပိုင်ဆိုင်ထားပါတယ်။ သူကအဲဒီအရှုပ်အထွေးကြားမှာပဲ တစ်ခုမဟုတ်တစ်ခု လုပ်ပြနိုင်တဲ့သူပါ။ နောက်ခံလူတွေအတွက် ဒီလိုကစားသမားမျိုးတွေနဲ့ယှဉ်ပြိုင်ရတာက အမြဲတမ်းစိတ်ဒုက္ခရောက်စေပါတယ်။ ဒီယက်ဇ်ရဲ့ထိုးဖောက်မှုပုံစံကြောင့် နောက်တန်းတွေအနေနဲ့ ဘောလုံးက သူ့ထိန်းချုပ်မှုအောက်မှာလား ကိုယ့်ထိန်းချုပ်မှုအောက်မှာလားဆိုတာတောင် မသိရလောက်အောင်ရှုပ်ထွေးသွားနိုင်ပါတယ်"
"ဒီနေ့ပွဲမှာဆို ဒီယက်ဇ်က မြေပေါ်မှာလဲနေတာတောင် အရမ်းကောင်းတဲ့ပေးပို့မှုပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုးကို လေ့ကျင့်ရေးကွင်းမှာလည်း သူလုပ်ပြပြီးသားပါ။ ဒါကသူ့ရဲ့ထူးခြားတဲ့အရည်အချင်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။