တိုမီနေးရဲ့နောက်ပြန်ကန်ချက်ဂိုးက ကောင်းပေမယ့် ဒိန်းမတ်နဲ့ပွဲမှာတော့ အကောင်းဆုံးဂိုးမဟုတ်ခဲ့ဘူးလို့ဆိုလာတဲ့ ကလာ့ခ်
စကော့တလန်လက်ရွေးစင်နည်းပြ စတိဗ်ကလာ့ခ်က ဒိန်းမတ်ကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းအတွက်ဦးဆောင်ဂိုးရရှိစေခဲ့တဲ့ ကွင်းလယ်လူ စကော့မတ်တိုမီနေးရဲ့နောက်ပြန်ကန်ချက်ဟာ အရမ်းကောင်းပေမယ့် အဲဒီပွဲရဲ့အကောင်းဆုံးဂိုးတော့ မဟုတ်ခဲ့ဘူးလို့ ပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ တိုမီနေးအပါအဝင် စကော့တလန်ကစားသမားတွေဟာ သွင်းဂိုးတွေကို လှလှပပသွင်းယူခဲ့ကြတာဖြစ်ပြီး ကန်နီမက်ကလင်းနဲ့ တီယာနေးတို့ရဲ့သွင်းဂိုးတွေကလည်း အသိအမှတ်ပြုစရာတွေဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကလာ့ခ်က "တကယ်ကိုရိုးရှင်းနဲ့နိုင်ပွဲပါ။ ကျွန်တော်တို့ကစားသမားအစုအဖွဲ့က တကယ်ကိုအံ့မခန်းဖြစ်ပြီး မယုံနိုင်စရာပါပဲ။ ကျွန်တော် ဒီအသင်းကိုစရောက်ကတည်းက ပြောခဲ့တာရှိပါတယ်။ အကောင်းဆုံးနည်းလမ်းကိုရှာဖို့ အချိန်ပေးရမှာဖြစ်ကြောင်းပေါ့။ အခုတော့ တစ်နှစ်ခွဲလောက်အချိန်မှာပဲ လမ်းကြောင်းမှန်ပေါ်ရောက်လာခဲ့ပါပြီ။ ကိုယ့်ကိုယ်ကိုယ်ချီးကျူးရမယ်ဆိုရင် ကျွန်တော် ဒီအသင်းကို လမ်းကြောင်းမှန်ပေါ်တင်ပေးနိုင်ခဲ့တယ်လို့ ပြောရမှာပေါ့"
"ဒီပွဲမှာ ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ အသင်းမှာပုံမှန်ကစားနေကျသူတွေကိုပဲ ရွေးချယ်ပြီးထည့်သွင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားတစ်ယောက်ချင်းစီကို ကျွန်တော်အပြည့်အဝယုံကြည်တယ်ဆိုတာ ပြောထားပြီးသားပါ။ ပုံမှန်ဆို မနက်ကျွန်တော်အိပ်ရာကနိုးရင် တင်းကျပ်တဲ့ခံစားချက်တွေနဲ့ နိုးထလေ့ရှိပြီး ဒီနေ့မှာတော့ အဲဒီလိုမခံစားခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုကျွန်တော်ယုံကြည်ထားလို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကလာ့ခ်က "စကော့မတ်တိုမီနေးသွင်းခဲ့တဲ့ နောက်ပြန်ကန်ချက်က ကျွန်တော်မြင်ဖူးသမျှထဲမှာ သူ့ရဲ့အကောင်းဆုံးဂိုးပါပဲ။ ဒါပေမယ့် ဒီလိုဂိုးကတောင် ဒီညရဲ့အကောင်းဆုံးဂိုးမဟုတ်ခဲ့ပါဘူး။ စိတ်ခံစားချက်တွေအမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ ပွဲရဲ့အရှိန်နဲ့အလိုက်ပေါ့။ ဒိန်းမတ်က ကျွန်တော်တို့ကို နည်းနည်းလွှမ်းမိုးနိုင်ခဲ့တယ်လို့ခံစားရလို့ လူစားလဲမှုတွေပြုလုပ်ခဲ့ပါတယ်။ သူတို့ ၁ ယောက်လျော့သည်ဖြစ်စေ၊ မလျော့သည်ဖြစ်စေ လူစားလဲဖို့ စီစဉ်ထားပြီးသားပါ"
"ကျွန်တော်ဒီပွဲမတိုင်ခင် တီယာနေးနဲ့စကားပြောခဲ့ပါတယ်။ သူက ကျွန်တော့်တို့ရဲ့အဓိက ကစားသမားတစ်ယောက်ပါ။ ကျွန်တော်ပြောခဲ့တာကတော့ ဟစ်ကီက ပွဲတွေဆက်တိုက်ကစားနိုင်မှာမဟုတ်လို့ သူ့အနေနဲ့ ညာနောက်ခံလူနေရာမှာ ကျွန်တော်တို့အတွက်အကောင်းဆုံးလုပ်ပေးနိုင်မယ်လို့ မြင်ကြောင်းပေါ့"
"သူသွင်းခဲ့တဲ့ဂိုးက ဒီညအတွက်အကောင်းဆုံးဂိုးပါပဲ။ သူကန်လိုက်ချိန်တုန်းကတော့ ကျွန်တော့်စိတ်ထဲမှာ ဒီကောင်ဘာလုပ်တာလဲဟ လို့ထင်လိုက်မိပေမယ့် ဘောလုံးက ဂိုးပေါက်ထဲကို တည့်တည့်မတ်မတ်ဝင်သွားတော့ ဂိုးဝင်သွားမယ်လို့ သိလိုက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။