ရာထူးကနေ နုတ်ထွက်သွားတဲ့ နည်းပြ စတိဗ်ကလပ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လိုက်တဲ့ ရော်ဘတ်ဆန်
စကော့တလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အသက် ၆၂ နှစ်အရွယ် စတိဗ်ကလပ်က ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ တစ်ရက်အကြာ တနင်္ဂနွေနေ့မှာတော့ အသင်းခေါင်းဆောင် အန်ဒီရော်ဘတ်ဆန်က အသင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ နည်းပြအတွက် ကျေးဇူးတင်စကားနဲ့ ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
"ဆရာ့ကို ကျွန်တော် ပြောချင်တာက ရိုးရိုးလေးပါပဲ၊ ကျေးဇူးအများကြီး တင်ပါတယ်" လို့ ရော်ဘတ်ဆန်က သူ့ရဲ့ Instagram စာမျက်နှာမှာ အရှည်ကြီး ရေးသားခဲ့ပါတယ်။ "ဆရာ ကျွန်တော်တို့ နိုင်ငံအတွက် လုပ်ဆောင်ပေးခဲ့တာတွေက နောင်နှစ်ပေါင်းများစွာအထိ အမှတ်ရနေမှာပါ" လို့လည်း ဆိုပါတယ်။
"လောလောဆယ်မှာတော့ ကျွန်တော်တို့အားလုံး စိတ်ပျက်ဝမ်းနည်းနေကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီခံစားချက်တွေက ပျောက်ကွယ်သွားမှာပါ။ ဒါပေမဲ့ ဆရာ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေကတော့ ကျန်ရှိနေမှာဖြစ်သလို ပိုပြီးတော့တောင် အကျိုးသက်ရောက်မှု ရှိလာမယ်လို့ မျှော်လင့်ပါတယ်"
စကော့တလန်အသင်းကို ၂၈ နှစ်ကြာမှ ကမ္ဘာ့ဖလားဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ စတိဗ်ကလပ်ဟာ အသင်းက အုပ်စု (C) မှာ တတိယရခဲ့ပေမဲ့ နောက်တစ်ဆင့်တက်နိုင်တဲ့ အကောင်းဆုံးအုပ်စုတတိယ ၈ သင်းထဲ မပါဝင်ခဲ့တာကြောင့် စနေနေ့မှာ ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
စကော့တလန်အသင်းဟာ ဟေတီကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အစပြုနိုင်ခဲ့ပေမဲ့ မော်ရိုကိုနဲ့ ပွဲစဉ်မှာတော့ အဲဒီရလဒ်နဲ့ပဲ ပြန်ရှုံးခဲ့ပါတယ်။ ဘရာဇီးနဲ့ ပွဲမှာတော့ ၃ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
"ဆရာ ကျွန်တော်တို့ နိုင်ငံအတွက် ဖန်တီးပေးခဲ့တဲ့ အခိုက်အတန့်တွေ အများကြီးရှိပါတယ်။ ဥပမာပြောရရင် ဆားဘီးယားနဲ့ အဝေးကွင်းပွဲ၊ စပိန်နဲ့ အိမ်ကွင်းပွဲ၊ နော်ဝေနဲ့ အဝေးကွင်းပွဲအပြင် ဒိန်းမတ်နဲ့ အိမ်ကွင်းပွဲတွေပေါ့။ ဒီပွဲတွေဟာ စကော့တလန်ဘောလုံးသမိုင်းမှာ ကျန်ရစ်နေမှာဖြစ်သလို ဆရာသာမရှိရင် ဒီလိုရလဒ်မျိုးတွေ ရနိုင်မှာ မဟုတ်ပါဘူး" လို့ အသက် ၃၂ နှစ်အရွယ် ရော်ဘတ်ဆန်က အရင်ခြေစစ်ပွဲရလဒ်တွေကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။
စကော့တလန်ဟာ ဆားဘီးယားကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ၁၉၉၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရို ၂၀၂၀ ပြိုင်ပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် စပိန်ကို ၂ ဂိုးပြတ်၊ နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲကိုလည်း ဆက်တိုက် တက်လှမ်းနိုင်ခဲ့တာပါ။
ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲမှာ ဒိန်းမတ်ကို ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး မြောက်အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တက်ရောက်ခွင့်ရအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။
လီဗာပူးကနေ ထွက်ခွာတော့မှာဖြစ်ပြီး လာမယ့်ရာသီမှာ တော့တင်ဟမ်ဟော့စပါးမှာ ကစားမယ့် နောက်ခံလူ ရော်ဘတ်ဆန်က "ကျွန်တော်တို့ ကစားသမား ၂၆ ယောက်လုံး ကလေးဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ရည်မှန်းချက်ပန်းတိုင်ဆီ မရောက်ခဲ့ပါဘူး" လို့ ထပ်လောင်းပြောခဲ့ပါတယ်။
သူကပဲ "ကမ္ဘာအနှံ့ ဘယ်နေရာရောက်ရောက် စကော့တလန်လူမျိုးတွေ အချစ်ခံရပြီး ကြိုဆိုခြင်းခံရတာဟာ Tartan Army လို့ ခေါ်တဲ့ ပရိသတ်တွေကြောင့်ပါ" ဆိုပြီးတော့လည်း ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။