ချန်ပီယံရှစ်မှာဆိုရင် တော့တင်ဟမ်ဆီ မပြောင်းရွှေ့ဘူးလို့ ဖွင့်ဟလာတဲ့ ရောဘတ်ဆန်
လီဗာပူးနောက်ခံလူဟောင်းအန်ဒီရောဘတ်ဆန်က အခုနွေရာသီ၊ တော့တင်ဟမ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သူ့ဆီမှာ သံသယတွေ ကြီးကြီးမားမား ရှိခဲ့ဖူးတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စကော့တလန်အသင်းကို မဦးဆောင်မီ ရောဘတ်ဆန်က လီဗာပူးနဲ့ သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပြီး မြောက်လန်ဒန်အရပ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ အတည်ပြုခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ်ကစားသမားက အန်ဖီးလ်မြေမှာ ကိုးနှစ်ကြာဖြတ်သန်းခဲ့ချိန်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတစ်ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့လို့ အသင်းမှထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်စရာ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း နည်းပြဒီဇာဘီ ရောက်ရှိလာပြီးနောက် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီနှောင်းပိုင်းကာလတွေမှာ တော့တင်ဟမ်အသင်း တန်းဆင်းဇုန်အန္တရာယ်မှ ပွတ်ကာသီကာလွတ်မြောက်လာခဲ့လို့ အပြောင်းအရွှေ့အတွက် အမှန်တကယ် စဉ်းစားရခက်ခဲခဲ့တယ်လို့ ဝါရင့်ဘယ်အစွန်နောက်ခံလူက ဝန်ခံခဲ့ပါတယ်။
The Overlap ရဲ့ Stick to Football Podcastမှာ ရောဘတ်ဆန်က " တန်းမဆင်းရသေးသရွေ့ ကျွန်တော့်အတွက် တော့တင်ဟမ်ပဲ ဖြစ်နေပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။
"အဲဒီအချိန်တုန်းကတော့ တော့တင်ဟမ်နဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲဆီ မသွားချင်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တော့တင်ဟမ်အသင်းကို ကျွန်တော် စိတ်ဝင်စားမှု ရှိလာခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း တော့တင်ဟမ်ရဲ့အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ အထူးသဖြင့် ဒီဇာဘီ ရောက်လာချိန်မှာ ကျွန်တော် အပြည့်အ၀ ယုံကြည်သွားခဲ့ပါတယ်။
သူတို့က ကျွန်တော့်ကို အရင်ဆုံးစိတ်ဝင်စားခဲ့ကြသလို တကယ်လည်း ခေါ်ယူချင်ခဲ့ပါတယ်။ သူတို့ရဲ့လိုလိုလားလားရှိမှုကြောင့် ကျွန်တော်လည်း ကျေနပ်မိခဲ့ပါတယ်" လို့ ရောဘတ်ဆန်က ဆိုပါတယ်။
ဒါပေမဲ့ စကော့တလန်ကပ္ပတိန်ရဲ့ စာမျက်နှာသစ်စတင်မှုက ခက်ခဲနေဆဲဖြစ်ပြီး တော့တင်ဟမ်အသင်းမှာ ပရီးမီးယားလိဂ်ရာသီအဖွင့်ငါးပွဲ ကစားပြီးချိန်အထိ နိုင်ပွဲမရရှိသေးသလို ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း အသင်းဟောင်းလီဗာပူးရဲ့ဖြုတ်ချမှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါကြောင့် နည်းပြဒီဇာဘီအတွက် ဖိအားတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။