
ချဲလ်ဆီးအသင်းရဲ့ ရာသီကုန်ပစ်မှတ်ကို ထုတ်ဖော်ပြောပြခဲ့တဲ့ ကိုင်စီဒို
ပြီးခဲ့တဲ့တနင်္လာနေ့၊ ဝက်စ်ဟမ်းအသင်းကို နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ပြီးနောက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ကို ကိုင်စီဒိုက ဖွင့်ဟပြောပြခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မတိုင်ခင် ချဲလ်ဆီးက ပရီးမီးယားလိဂ်နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိပြီး စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တနင်္လာနေ့ပွဲစဉ်မှာလည်း ချဲလ်ဆီးက ဘိုဝင်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပေမယ့် နက်တိုရဲ့ချေပဂိုး၊ ဝမ်ဘစ်ဆာကာရဲ့O.G တို့နဲ့အတူ အဖိုးတန်အိမ်ကွင်းနိုင်ပွဲရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့လန်ဒန်ဒါဘီပွဲစဉ်မှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုးပြသပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုရရှိခဲ့သူ ကိုင်စီဒိုက “အရေးအကြီးဆုံးအရာက စွမ်းဆောင်ရည်ပိုင်းပါပဲ။ အသင်းက ပျော်ရွှင်နေပြီး ကျွန်တော်တို့တွေ ဒီအတိုင်းပဲ ဆက်သွားချင်ပါတယ်။ ကျွန်တော်တို့တွေ နေ့စဉ်နေ့တိုင်း စုစုစည်းစည်းနဲ့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်နေပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေက ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပေမယ့် တနင်္လာညပိုင်းပွဲစဉ်မှာတော့ အကောင်းဆုံးတုံ့ပြန်ပြီး သုံးမှတ်အပြည့်ရရှိခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေ မြင့်တက်လာစေဖို့အတွက် နိုင်ပွဲတစ်ခုလိုအပ်ခဲ့တာကြောင့် ဒီပွဲစဉ်ရလဒ်ပိုင်းက တကယ့်ကို အရေးကြီးပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတယ်ဆိုရင်တောင် တကယ်ကောင်းတဲ့ရလဒ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်းလိုက်ကစားဟန်လည်း ကောင်းမွန်ခဲ့ပြီး စရိုက်လက္ခဏာကောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ခမ်းနားတဲ့နိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒီအတွက်ပဲ ကျွန်တော်တို့ ကြိုစားခဲ့ပြီး တနင်္လာညပိုင်းပွဲစဉ်မှာ အနိုင်ရလဒ်ကို ရရှိခဲ့ပါတယ်။
အသင်းက ဒုတိယပိုင်းပွဲချိန်တွေမှာ စရိုက်လက္ခဏာကို ပြသနိုင်ခဲ့ပါတယ်။ အဝတ်လဲခန်းထဲမှာလည်း ကျွန်တော်တို့တွေ အချင်းချင်းစကားပြောဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ကိုယ့်ရဲ့အရည်အသွေးတွေကို ထုတ်ပြပြီး ပွဲကို အနိုင်ရရှိချင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။နည်းပြကိုယ်တိုင်လည်း ကျွန်တော်တို့ အကောင်းဆုံးလုပ်နေပြီဖြစ်လို့ စိတ်အေးအေးထားဖို့၊ ချေပဂိုးလည်း ရရှိမှာဖြစ်ပြီး အစီအစဉ်အတိုင်းလုပ်နိုင်ရင် အနိုင်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ပွဲကို လွှမ်းမိုးထားနိုင်ပေမယ့် နောက်မှလိုက်ကစားရလို့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းက နည်းပြပြောတဲ့အတိုင်း တသွေမတိမ်းလိုက်လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာကို ပြသပြီး သုံးမှတ်အပြည့် ရယူခဲ့ပါတယ်”လို့ ပြောပါတယ်။ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ကလပ်အသင်းရဲ့ပစ်မှတ်အကြောင်း ဆွေးနွေးချိန် ကိုင်စီဒိုက “ထိပ်ဆုံးလေးသင်းစာရင်းဆီ ပြန်လည်ဝင်ရောက်လာမှုက တကယ့်ကို အရေးပါလွန်းခဲ့ပါတယ်။
ကျွန်တော်တို့တွေ အဆင့်-၄ မှာရှိနေလို့ ပျော်ရွှင်မိပါတယ်။ ဒီနေရာမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့တွေ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားသွားရပါမယ်။ ဒါပါပဲ။ နိုင်ပွဲရရှိချိန်တိုင်းမှာ ကျွန်တော်တို့တွေ အမြဲလိုလို ယုံကြည်မှုပြည့်ဝလာခဲ့ပါတယ်။ ယုံကြည်မှုမြင့်မားနေဖို့ဆိုတာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ အသင်းကလည်း ပျော်ရွှင်နေပါပြီ။ ဒီနေရာမှာဆက်ရှိနေဖို့အတွက် အလုပ်ကို အစွမ်းကုန်ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။ အန်ဇိုမာရက်စ်ကာရဲ့အသင်းက လာမယ့်စနေနေ့မှာ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ရင်ဆိုင်ကစားသွားရပါမယ်။