ဝက်စ်ဟမ်းကနေ ထွက်ခွာပြီးနောက် အာဆင်နယ်မှာ တိုးတက်လာမှုအတွက် ဖိလစ် ဂုဏ်ယူနေ
အာဆင်နယ် လူငယ်ကစားသမား ဘိုဝင်ဖိလစ်က သူ့ကို ခေါ်ယူခဲ့တဲ့အတွက် ကလပ်အသင်းအပေါ် ကျေးဇူးတင်ရှိနေပါတယ်။
လက်ရှိမှာ ပညာသင်ဆု (scholarship) အဆင့်နဲ့ ကစားနေတဲ့ ဖိလစ်ဟာ ဝက်စ်ဟမ်းအသင်းမှာ ပထမအသင်းကြီးဆီ တက်လှမ်းနိုင်ဖို့ အခွင့်အရေး နည်းပါးတယ်လို့ ယူဆခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ စွန့်စားဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
သူက arsenal.com ဝက်ဘ်ဆိုက်မှာ "ဝက်စ်ဟမ်းမှာ ကစားခဲ့တဲ့ နောက်ဆုံးအချိန်တွေတုန်းက အသက် ၁၈ နှစ်အောက် အသင်းမှာ ကစားခွင့်ရဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ဖို့ အခွင့်အရေးတွေ မရခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ အဲဒီနောက် ဆောက်သမ်တန်နဲ့ ဝုလ်ဗ်အသင်းတွေမှာ သွားရောက်အစမ်းသပ်ခံခဲ့သလို အာဆင်နယ်ကလည်း ကျွန်တော့်ကို စိတ်ဝင်စားခဲ့ပါတယ်" လို့ ရေးသားခဲ့ပါတယ်။
"အာဆင်နယ်မှာ နှစ်ပတ်ကြာ အစမ်းသပ်ခံခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ အဲဒီနောက် အသက် ၁၅ နှစ်အောက် အသင်းမှာ စာချုပ်ချုပ်ဆိုခွင့်ရခဲ့တာဟာ တကယ်ကို အံ့ဩစရာကောင်းတဲ့ ခံစားချက်မျိုးပါ။ Globe Rangers အသင်းမှာတုန်းက သိကျွမ်းခဲ့တဲ့ ဂျိုဆိုင်ယာကင်းကလည်း အသင်းမှာ ရှိနေတာကြောင့် အသင်းသစ်မှာ အသားကျဖို့ ပိုပြီး လွယ်ကူသွားစေပါတယ်" လို့ ဆိုပါတယ်။
"အာဆင်နယ်ကို ရောက်ရှိလာပြီးကတည်းက အရာအားလုံးက တကယ့်ကို ကောင်းမွန်နေပါတယ်။ Flamengo Adidas Cup ပြိုင်ပွဲအတွက် ဘရာဇီးနိုင်ငံကို သွားရောက်ခွင့်ရခဲ့တာဟာ မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုပါပဲ"
"ပထမအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်တွေလည်း ရခဲ့ပြီး ဒါက တကယ့်ကို မျက်စိပွင့်စေတဲ့ အတွေ့အကြုံပါပဲ။ ကစားနှုန်းက အရမ်းမြန်ပြီး လေ့ကျင့်ခန်းဆင်းချိန်မှာ ဒက်ကလန်ရိုက်စ်က ကျွန်တော့်အတွက် တကယ့်ကို အထူးခြားဆုံးပါပဲ။ သူ့ရဲ့ နည်းစနစ်ပိုင်းက ထိပ်တန်းအဆင့်ဖြစ်ပြီး စံနှုန်းတစ်ခုကို အမြင့်မားဆုံး သတ်မှတ်ထားနိုင်သူပါ။ ကျွန်တော် ဝက်စ်ဟမ်းမှာ ရှိစဉ်တုန်းက သူ ဝက်စ်ဟမ်း အသက် ၂၁ နှစ်အောက်အသင်းမှာ ကစားတာကို ကြည့်ခဲ့ဖူးတာကြောင့် အခုလို အတူတူ လေ့ကျင့်ခွင့်ရတာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်" လို့ ဖိလစ်က ပြောကြားခဲ့ပါတယ်။