ဥရောပဘောလုံးလောကဆီ ပြန်လာမယ့် ရည်မှန်းချက်အကြောင်း ဖွင့်ဟလာတဲ့ ဂျိုအိုဖီးလစ်
ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူးဟောင်းဂျိုအိုဖီးလစ်က မကြာမီအနာဂတ်မှာ ဥရောပဘောလုံးလောကဆီ ပြန်လာလိုတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားက ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ပေါ်တူဂီလက်ရွေးစင်အသင်းဖော် စီရော်နယ်ဒိုရှိရာ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံဆုဆွတ်ခူးခဲ့တဲ့ အသင်းအတွက် ၅၅ ပွဲကစား၊ ဂိုး ၃၀ အထိ သွင်းယူကာ ခြေစွမ်းပြသထားပါတယ်။
၂၀၁၉ ခုနှစ်၊ ယူရို ၁၂၅ သန်းဖြင့် အက်သလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် နောက်တစ်ကြိမ်ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ ချဲလ်ဆီးဆီ ရောက်ရှိလာခဲ့ဖူးတဲ့ ဖီးလစ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အငှားဖြင့် သွားရောက်ကစားခဲ့ဖူးတဲ့ ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းလိုတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။
သူ့အတွက် ကတ္တလန်မြေဆီ ပြန်သွားနိုင်မယ့် လမ်းစ ရှင်းရှင်းလင်းလင်းမရှိသေးပေမဲ့ အယ်လ်နာဆာနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေတဲ့ ဖီးလစ်ကတော့ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ချင်နေသေးတယ်လို့ ယုံကြည်နေပါတယ်။
"ဘာစီလိုနာဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့လို့ ကျွန်တော် အရမ်းပျော်ခဲ့ပါတယ်။ ဒါက ကျွန်တော်၊ ကျွန်တော့်အဖေနဲ့ ကျွန်တော့်ညီအတွက်တော့ ငယ်ဘဝအိပ်မက်တစ်ခု ဖြစ်ခဲ့သလို အလွန်ဂုဏ်ယူစရာ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်"
"ကျွန်တော် ဆော်ဒီအာရေဗျမှာ အရမ်းအဆင်ပြေပါတယ်။ ပျော်ရွှင်နေသလို ဘောလုံးကစားရတာကိုလည်း သဘောကျနှစ်သက်နေပေမဲ့ ဥရောပဆီ ပြန်ဖို့လည်း စဉ်းစားနေတာ အမှန်ပါပဲ။ ဒါက လာမယ့်နှစ်မှာ ဖြစ်မလား၊ နောက် ၂ နှစ်၊ ၃ နှစ် ဒါမှမဟုတ် ၄ နှစ်မှာ ဖြစ်မလားဆိုတာတော့ မသိပေမဲ့ ဥရောပ ပြိုင်ပွဲတွေမှာ နောက်တစ်ကြိမ် ပြန်ကစားချင်ပါသေးတယ်" လို့ သူက ဆိုပါတယ်။