ပီအက်စ်ဂျီနဲ့ပွဲမှာ ဘောကောက်ကောင်လေးကို တွန်းခဲ့သော်လည်း ပက်ဒရိုနက်တို ပွဲပယ်ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရ
ချဲလ်ဆီးအသင်းက ပီအက်စ်ဂျီကို ကို ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဘောလုံးကောက်လေးတစ်ဦးကို တွန်းခဲ့ပေမယ့် ပက်ဒရိုနက်တိုဟာ ယူအီးအက်ဖ်အေ ရဲ့ ပွဲပယ်ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်ခွင့် ရရှိသွားခဲ့ပါတယ်။
ယူအီးအက်ဖ်အေ ကတော့ ဒီလုပ်ရပ်ကို "အားကစားစိတ်ဓာတ် မရှိတဲ့ အပြုအမူ" လို့ သတ်မှတ်ခဲ့ပေမဲ့ နက်တိုက ဖြစ်ရပ်အတွက် တောင်းပန်ခဲ့သလို ပွဲအပြီးမှာလည်း အဲဒီဘောလုံးကောက်လေးကို သူ့ရဲ့အင်္ကျီ ပေးခဲ့ပါတယ်။
အဲဒီတောင်ပံကစားသမားဟာ ဘောလုံးအပြင်ထွက်သွားချိန်မှာ ဘောလုံးပြန်ကောက်ပြီး ပစ်တင်ဖို့ ကြိုးစားရင်း ကြော်ငြာဘုတ်တွေနားမှာရှိတဲ့ ဘောလုံးကောက်လေးကို တွန်းခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်ဟာလည်း ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
နက်တိုကတော့ အဲဒီအချိန်မှာ "ပွဲအခြေအနေကြောင့် စိတ်လှုပ်ရှားနေတာရယ်"၊ "ဘောလုံးကောက်လေးကလည်း ဘောလုံးကို သူ့ဆီမှာပဲ ကိုင်ထားတာကြောင့် သူက ဘောလုံးကိုပဲ ယူချင်ခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။
အဲဒီအချိန်တုန်းက နည်းပြရိုဆင်နီယာက ဒီဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။ နက်တိုဟာ အရင်အပတ်က အာဆင်နယ်နဲ့ပွဲမှာလည်း အထုတ်ခံထားရတာကြောင့် ဒီဖြစ်ရပ်က သူ့အတွက် ပုံရိပ်မကောင်းဖြစ်ခဲ့တာပါ။
ချဲလ်ဆီးအသင်းရဲ့ နည်းပြချုပ်က "ဘောလုံးကောက်လေးနဲ့ အခြေအတင် ဖြစ်သွားတာကို ကျွန်တော် မြင်လိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က တစ်ခုခုမှားခဲ့တာ ဒါမှမဟုတ် မသင့်တော်တာ လုပ်ခဲ့တာမျိုးရှိရင် ကလပ်အသင်းကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ ပက်ဒရိုကတော့ အင်တာဗျူးတွေမှာ ဖြေရှင်းပြီးပြီလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီဖြစ်ရပ်ကို အသေအချာ ပြန်မကြည့်ရသေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
နက်တိုရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ယူအီးအက်ဖ်အေ ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဒီပေါ်တူဂီကြယ်ပွင့်ကို ပွဲပယ်တာမျိုး မလုပ်ဘဲ သတိပေးရုံနဲ့တင် အဆုံးသတ်ခဲ့ပါတယ်။
ဒါကြောင့် နက်တိုဟာ လာမယ့်အင်္ဂါနေ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားမယ့် ချဲလ်ဆီးအတွက် အရေးကြီးတဲ့ ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်ကစားနိုင်တော့မှာပါ။ ရီးစ်ဂျိမ်းစ် ဒဏ်ရာကြောင့် မကစားနိုင်ဘူးလို့ ပြောထားတဲ့ နည်းပြ လီယမ်ရိုဆင်နီယာအတွက်တော့ နက်တို ပြန်ပါလာနိုင်တာဟာ အားတက်စရာ သတင်းကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။