အက်စတွန်ဗီလာအပေါ် အနို်ငရရှိမှုက ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် အလွန်အရေးကြီးတယ်လို့ ဖူလ်ဟမ်နည်းပြဆေးလ်ဗားပြောကြား
စနေနေ့အစောပိုင်း၊ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိမှုကြောင့် ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗား အလွန်ပဲဝမ်းသာပီတိဖြစ်နေပါတယ်။
ဒီပွဲစဉ်မှာ အဆုံးအဖြတ်အနိုင်ဂိုးကို ဆက်ဆက်ဂ်နွန်က သွင်းယူခဲ့ပါတယ်။
ပွဲစဉ်အပြီး ဆေးလ်ဗားက "ခြုံပြောရရင် ကျွန်တော်တို့အသင်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ပိုရချင်ခဲ့သလို၊ အခွင့်အရေးတွေလည်း ပိုဖန်တီးနိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်"
"ပြိုင်ဘက်အသင်းကို အချိန်တိုင်း အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပါတယ်။ သူတို့က ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ထိပ်တန်းကလပ်အသင်းကြီးတစ်ခု ဖြစ်ပေမဲ့ ကျွန်တော်တို့အတွက်တော့ ဒီနိုင်ပွဲကို တကယ်လိုအပ်ခဲ့သလို အနိုင်ရဖို့လည်း အလွန်ဆန္ဒပြင်းပြခဲ့ပါတယ်"
"ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဖိအားပေးဖို့ ခက်ခဲခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ အရည်အသွေးရှိရှိ ကစားနိုင်ဖို့ လိုခဲ့သလို အခွင့်အရေးတွေလည်း ပိုဖန်တီးနိုင်ခဲ့သင့်တာပါ။ အခုလို အရေးကြီးတဲ့အချိန်မှာ ပေးဂိုးမရှိတဲ့ပွဲစဉ်တွေကို ဆက်တိုက်ရယူနိုင်ခဲ့တာကတော့ တကယ်ကောင်းပါတယ်" လို့ ဆိုပါတယ်။
ဒီနိုင်ပွဲကြောင့် ဖူလ်ဟမ်အသင်းက အမှတ်ပေးဇယားဆဋ္ဌမနေရာနဲ့ နှစ်မှတ်အကွာဆီ ရောက်ရှိလာခဲ့ပြီး ဆေးလ်ဗားက "အသင်းကြီးတစ်ခုကို အခုလိုအနိုင်ရတယ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ သူတို့က ကစားကွက်တည်ဆောက်ပုံကောင်းမွန်တာကြောင့် ဘယ်အချိန်မဆို ဂိုးသွင်းယူနိုင်ပါတယ်"
"ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှု ကောင်းမွန်ခဲ့ပါတယ်။ အဆင့်-၆ နေရာနဲ့ နှစ်မှတ်ပဲ ကွာဟတော့လို့ ရာသီကုန်အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားရပါမယ်။ တစ်ခုခုအတွက် တိုက်ပွဲဝင်နိုင်တဲ့အခြေအနေမှာ ရှိနေတာကို အားလုံး ဂုဏ်ယူသင့်ပါတယ်။ ဒဏ်ရာရကစားသမားတွေ အများကြီးရှိနေလို့ ခက်ခဲနိုင်ပေမဲ့ ပရိသတ်တွေ ဂုဏ်ယူရအောင် ဆက်ပြီးကြိုးစားသွားပါမယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။