မိုဆာလက်လောက် ဂိုးတွေအများကြီးသွင်းယူနိုင်မယ့်သူ မရှိသေးဘူးလို့ ဝန်ခံလိုက်တဲ့ ဝါဒဲလ်
အင်္ဂလန်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်အသင်းတို့ရဲ့ဂန္ထဝင်ကစားသမား ခရစ်ဝါဒဲလ်က မိုဆာလက်ရဲ့နေရာမှာ လီဗာပူးအသင်း ဘယ်သူနဲ့အစားထိုးသင့်သလဲဆိုတာကို ဖွင့်ဟပြောကြားလာပါတယ်။
အသင်းအတွက် ၂၅၅ ဂိုးအထိ သွင်းယူပေးထားပြီး သွင်းဂိုးအများဆုံး ကစားသမားစာရင်းရဲ့တတိယနေရာမှာ ရှိနေတဲ့ မိုဆာလက်က အခုဘောလုံးရာသီပြီးဆုံးရင် လီဗာပူးကို လမ်းခွဲရလိမ့်မယ်လို့ ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်အီဂျစ်ဘုရင်ကြီးရဲ့နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးအသင်းက လိုက်ပ်ဇစ်ကစားသမား ယန်ဒီအိုမန်ဒီအပါအဝင် ကစားသမားအချို့နဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဝါဒဲလ်ကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ နယူးကာဆယ်ကြယ်ပွင့်ဂေါ်ဒွန်နဲ့ ဝက်စ်ဟမ်းကပ္ပတိန်ဘိုဝင်တို့ကို ဒီအိုမန်ဒီထက် ပိုကောင်းတဲ့ ရွေးချယ်မှုတွေ ဖြစ်နိုင်တယ်လို့ FruityKing နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တွေ့ဖူးသမျှထဲမှာတော့ ဘိုဝင်က မိုဆာလက်လို ဂိုးတွေအများကြီး သွင်းနိုင်တဲ့သူနဲ့ အနီးစပ်ဆုံးပါပဲ။ ဒါပေမဲ့ သူက အသက်နည်းနည်း ကြီးလာပြီ။ တကယ်လို့ ဝက်စ်ဟမ်းသာ တန်းဆင်းသွားခဲ့ရင် သူ့ဆီမှ ခြေစွမ်းကောင်းတွေကို လီဗာပူးအသင်း နှစ်အနည်းငယ်လောက် ရနိုင်ပါတယ်" လို့ ဝါဒဲလ်က ဆိုပါတယ်။
"ဂေါ်ဒွန်ကတော့ ဘယ်တောင်ပံမှာ ကစားတာပါ။ အခုဆိုရင် သူက ဘယ်တောင်ပံ ဒါမှမဟုတ် အထောင်တိုက်စစ်မှူးနေရာမှာ ပိုကစားချင်နေပုံရတယ်။ နယူးကာဆယ်မှာလည်း အဲဒီနေရာတွေမှာ ကစားရတာကို သူသဘောကျနေတာဆိုတော့ လီဗာပူးမှာ မိုဆာလက်နေရာကို ဝင်ကစားဖို့ဆိုတာ သိပ်မသေချာဘူး။ အဲဒီနေရာမှာ သူမကစားနိုင်ဘူးလို့ ကျွန်တော် မဆိုလိုပါဘူး၊ သူ ကစားနိုင်ပါတယ်။ ဒါပေမဲ့ သူက ဘယ်ဘက်ခြမ်းမှာ နေရာလွတ်တွေရရင် ထိုးဖောက်ပြေးရတဲ့ပုံစံကို ပိုကြိုက်တဲ့ကစားသမားမျိုးပါ။ ဂေါ်ဒွန်က ဘယ်တောင်ပံမှာ အရမ်းအန္တရာယ်များလွန်းလို့ ပြိုင်ဘက်အသင်းတွေက လူစားလဲတာတွေ၊ ကစားကွက်ပြောင်းတာတွေ လုပ်ရတဲ့ပွဲတွေကို ကျွန်တော် အများကြီးတွေ့ဖူးပါတယ်။ အဲဒီလိုအရည်အချင်းမျိုးကို ဘာလို့ အလဟဿ အဖြစ်ခံမလဲ" လို့ ၎င်းက ဆက်ပြောပါတယ်။
ဝါဒဲလ်က ဆက်လက်ပြီး "မိုဆာလက်လောက် ဂိုးတွေအများကြီးသွင်းနိုင်တဲ့သူမျိုး ကျွန်တော် သိပ်မတွေ့မိပါဘူး။ ဘောလုံးနဲ့ အခွင့်အရေးတွေ ပိုဖန်တီးပေးနိုင်တာ၊ တခြားအရာတွေမှာ မိုဆာလက်ထက် ပိုသာတဲ့သူတွေ အများကြီးရှိပေမဲ့ လီဗာပူးအတွက် မိုဆာလက်လုပ်ပြခဲ့သလိုမျိုး အတိအကျ ပြန်လုပ်ပြနိုင်မယ့်သူကိုတော့ ကျွန်တော် မမြင်မိသေးဘူး" လို့ သုံးသပ်ခဲ့ပါတယ်။
လီဗာပူးက မိုဆာလက်နေရာမှာ အစားထိုးနိုင်ရန် ဒီအိုမန်ဒီ၊ ဘိုဝင်၊ ဂေါ်ဒွန်နဲ့ ဘိုင်ယန်မြူးနစ်စတားအိုလီစီတို့ကို ခေါ်ယူဖို့ ကြိုးစားနေလို့ အသင်းရဲ့အသုံးစရိတ်အများစုကို ပုံအောသုံးစွဲရမယ့် အခြေအနေမှာ ရှိနေပါတယ်။