The network connection is lost.

Banner Image

ပရီးမီးယားလိဂ်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးကို ခေါ်ယူဖို့ လီဗာပူးအသင်းဆီ တိုက်တွန်းလိုက်တဲ့ မိုက်ကယ်အိုဝင်

၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ပြင်ဆင်နေတဲ့ လီဗာပူးနည်းပြအီရာအိုလာအတွက် အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အတော်လေးအလုပ်များသွားဖို့ ရှိနေပါတယ်။

လတ်တလောမှာ အီရာအိုလာက စပိန်လက်ရွေးစင်ဗစ်တာမူနော့ဇ်ကို ခေါ်ယူထားသလို အကြိုသဘောတူညီမှုရယူထားတဲ့ ရန်းစ်ခံစစ်မှူးဂျာကွက်လည်း အသင်းဆီ ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့ အီရာအိုလာအတွက် ဂန္တဝင်ကစားသမားမိုဟာမက်ဆာလက်ထွက်ခွာသွားမှုနဲ့အတူ ညာတောင်ပံတိုက်စစ်နေရာကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

လီဗာပူးကြယ်ပွင့်ဟောင်းမိုက်ကယ်အိုဝင်ကတော့ ဝက်စ်ဟမ်းအသင်းတန်းဆင်းသွားရမှုနဲ့အတူ သူတို့ရဲ့အသင်းခေါင်းဆောင်ဘိုဝင်ကို ခေါ်ယူဖို့ အီရာအိုလာကိုယ်တိုင် ရဲရဲဝံ့ဝံ့စဉ်းစားသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

"အခုရာသီမှာ မိုဆာလက်မရှိတော့သလို၊ အီကီတီကီလည်း ဒဏ်ရာရရှိနေလို့ အီဆက်ခ်က လီဗာပူးအတွက် အလွန်အရေးကြီးတဲ့ကစားသမား ဖြစ်လာပါလိမ့်မယ်" လို့ အိုဝင်က Liverpool Echo ဆီ ပြောကြားခဲ့ပါတယ်။

"အီကီတီကီ အကြာကြီးအနားမယူရဘူးဆိုရင် ဗဟိုတိုက်စစ်မှူးအသစ်တစ်ဦးကို ငွေပုံအောပြီး ထပ်ခေါ်ယူဖို့ မလိုပါဘူး။ အသင်းမှာ တိုက်စစ်ကစားသမားတွေ အများကြီးရှိနေလို့ တိုက်စစ်မှူးထပ်ဝယ်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ ဘိုဝင်ကတော့ တကယ့်ကို အံဝင်ခွင်ကျပါပဲ။ သူ့ကိုခေါ်ဖို့အတွက် ဘယ်လိုစွန့်စားမှုမျိုးမှ လုပ်စရာမလိုပါဘူး။ တကယ်ထက်မြက်တဲ့ကစားသမားတစ်ဦးပါ။ ဂိုးတွေအများကြီးသွင်းယူပေးနိုင်သလို ပရီးမီးယားလိဂ်အတွေ့အကြုံလည်း ပိုင်ဆိုင်ထားပါတယ်"

"ဝက်စ်ဟမ်းပရိသတ်တွေကိုတော့ စိတ်မဆိုးစေချင်ပါဘူး။ ဒါပေမဲ့ သူ့လို အရည်အချင်းရှိတဲ့ကစားသမားမျိုးဆိုတာ ချန်ပီယံရှစ်မှာ တစ်ရာသီလုံးကစားသွားဖို့ မသင့်ပါဘူး" လို့ အိုဝင်က ဆိုပါတယ်။

လီဗာပူးရဲ့မြို့ခံပြိုင်ဘက်အဲဗာတန်ကလည်း ဘိုဝင်ကို ပေါင်သန်း ၂၀ ဝန်းကျင်ဖြင့် ခေါ်ယူပြီး နည်းပြဒေးဗစ်မိုရက်စ်နဲ့ ပြန်လည်လက်တွဲပေးဖို့ မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။  တဖက်မှာလည်း ဒဏ်ရာကြောင့် အီကီတီကီအနားယူနေရမှုက နည်းပြအီရာအိုလာကို နေရာစုံအတွက် ကစားသမားသစ်တွေထပ်မံရှာဖွေဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။