ဝက်စ်ဟမ်းမှာ တောက်ပနေတဲ့ မားတီးယက်စ်ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ချဉ်းကပ်လာတဲ့ ပီအက်စ်ဂျီ
ပြင်သစ်ထိပ်သီးပီအက်စ်ဂျီက ဝက်စ်ဟမ်းမှာခြေစွမ်းပြနေတဲ့ မားတီးယက်စ်ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သတင်းအရ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်မာသီးယက်စ်ဖာနန်ဒက်စ်က အခုရာသီ၊ တန်းမဆင်းရရေးရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းအတွက် အဓိကအားထားရတဲ့ ကစားသမားဖြစ်နေပြီး ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ပွဲ ၃၀ အထိ ပွဲထွက်ခွင့် ရရှိထားပါတယ်။
ဒါပေမဲ့ သူ့ကို ထိပ်တန်းကလပ်အသင်း အတော်များများ စိတ်ဝင်စားနေကြလို့ အရှေ့လန်ဒန်ကလပ်အသင်းကိုယ်တိုင်လည်း လာမယ့်နွေရာသီကာလအတွင်း ကစားသမားကို ဆက်ထိန်းထားနိုင်ဖို့ အတော်လေးခက်ခဲနိုင်ပါတယ်။
Foot Mercato ရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းက သူတို့ရဲ့ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ကစားသမားနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီ ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။
အတိတ်မှာလည်း ဖာနန်ဒက်စ်ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လီဗာပူးတို့ စိတ်အားထက်သန်စွာ စောင့်ကြည့်ခဲ့ဖူးပါတယ်။