The network connection is lost.

Banner Image

စာချုပ်သစ်ချုပ်ဆိုပြီးနောက် ချဲလ်ဆီးနဲ့ပတ်သက်တဲ့ သူ့ရဲ့အနာဂတ်အစီအစဉ်တွေကို ဖွင့်ဟလိုက်တဲ့ ကိုင်စီဒို

ကိုင်စီဒိုက ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ အလွန်ဝမ်းမြောက်ဂုဏ်ယူနေပါတယ်။

ဒီကွင်းလယ်လူက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကလပ်အသင်းဝက်ဘ်ဆိုက်နဲ့တွေ့ဆုံချိန် ကိုင်စီဒိုက "ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်အတွက် အကန့်အသတ်မရှိ တိုးတက်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ကွင်းထဲမှာ အမှားအယွင်းတွေ လုပ်မိခဲ့ရင်တောင် အဲဒီအမှားတွေက ကျွန်တော့်ကို ပိုပြီးသန်မာလာစေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ ဘာပဲလုပ်လုပ် အမှားဆိုတာ ရှိနိုင်တာပဲလေ၊ အဓိကက အဲဒီအမှားတွေဆီကနေ သင်ခန်းစာယူနိုင်ဖို့ပါပဲ"

"နေ့တိုင်း လေ့ကျင့်ခန်းဆင်းချိန်မှာပဲဖြစ်ဖြစ်၊ ပွဲကစားနေချိန်မှာပဲဖြစ်ဖြစ် ကျွန်တော် တစ်ခုခုကို အမြဲသင်ယူနေပြီး အဲဒါကို နောက်လာမယ့်ပွဲတွေမှာ အသုံးချပါတယ်။ အဲဒါကြောင့် လက်ရှိ ကျွန်တော်လုပ်နေတဲ့ အရာတွေရော၊ ရှေ့ဆက်လုပ်သွားမယ့်အစီအစဉ်တွေအတွက်ပါ တကယ်ဝမ်းသာမိပါတယ်" လို့ ဆိုပါတယ်။

ကိုင်စီဒိုက အခုဘောလုံးရာသီအတွင်း ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကိုလည်း အကြိမ်အနည်းငယ် ဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။

ဆက်လက်ပြီး သူက "အသင်းခေါင်းဆောင်လက်ပတ်အကြောင်းပြောရရင် အဲဒီအချိန်လေးကို ကျွန်တော် တကယ်ကို နှစ်သက်မိပါတယ်။ ဘာလို့လဲဆိုတော့ အသင်းခေါင်းဆောင်လက်ပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူလို့ပါ။ ဒီကလပ်ကို ရောက်လာဖို့က ကျွန်တော့်ရဲ့အိပ်မက်ဖြစ်ခဲ့ပြီး ဒီလိုအခိုက်အတန့်မျိုးတွေ ရရှိဖို့ အမြဲတမ်း ဆုတောင်းခဲ့ရပါတယ်" လို့ ပြောခဲ့ပါတယ်။

"အခုတော့ ဒီအခွင့်အရေးတွေနဲ့အတူ ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ ဒါက အီကွေဒေါမှာရှိတဲ့ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်အတွက် တကယ်ကို ထူးခြားလွန်းပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အင်မတန်ဂုဏ်ယူမိသလို အရမ်းလည်း ဝမ်းသာပါတယ်" လို့ ကိုင်စီဒိုက ပြောကြားသွားခဲ့ပါတယ်။