The network connection is lost.

Banner Image

ဘရိုက်တန်ရဲ့ပရီးမီးယားလိဂ်အောင်မြင်မှုအတွက် အကောင်းဆုံးပုံစံရှာတွေ့နေပြီလို့ ပါစကယ်ဂရော့ ပြောကြား

ဘရိုက်တန်အသင်းရဲ့ဝါရင့်ကစားသမားပါစကယ်ဂရော့က ပရီးမီးယားလိဂ်မှာအောင်မြင်မှုရဖို့အတွက် မှန်ကန်တဲ့နည်းလမ်းကို နည်းပြဟာဇလာ ရှာတွေ့သွားပြီလို့ ယူဆနေပါတယ်။

လက်ရှိမှာ ဘရိုက်တန်က ဘောလုံးရာသီအဆုံးသတ်၊ အရေးကြီးအခိုက်အတန့်မှာ ခြေစွမ်းပြနေပြီး အခုလိုနိုင်ပွဲတွေ ဆက်တိုက်ရရှိနေမှုဟာ ပါရမီ သို့မဟုတ် အရည်အချင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးလို့ ဂရော့က ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာ အရည်အချင်းကတော့ အမြဲရှိနေတာပါပဲ၊ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်ဖို့ဆိုရင် အရည်အချင်းထက် ပိုတာတွေ လိုအပ်ပါတယ်။ ဒါကို အခြေအနေအမျိုးမျိုးမှာ မြင်တွေ့နိုင်ပါတယ်။ အရည်အချင်းအပြင် စိတ်ဓာတ်ပိုင်း၊ စည်းလုံးမှုနဲ့ တစ်ဦးအတွက် တစ်ဦး တိုက်ပွဲဝင်ပေးချင်တဲ့ စိတ်ဓာတ်တွေ လိုအပ်ပါတယ်။ တစ်စုံတစ်ဦးအမှားလုပ်လိုက်မိရင် နောက်တစ်ဦးက အသင့်ရှိနေရပါမယ်။ အမှားတစ်ခုခု လုပ်မိသွားရင်လည်း ကိုယ့်အသင်းဖော် အရှက်မကွဲအောင် အားလုံးက ခံစစ်ဆီပြန်ပြေးပြီး ဝိုင်းကူကြရမယ်။ လက်ရှိမှာ ကျွန်တော်တို့ဆီမှာ အဲဒီအချက်တွေ ရှိနေပြီး အနိုင်ယူဖို့ တကယ်ခက်ခဲတဲ့အသင်းတစ်ခု ဖြစ်နေတယ်လို့ ခံစားရပါတယ်" လို့ ဂရော့က ဆိုပါတယ်။

ဆက်လက်ပြီး သူက "အဲဒီလိုအခြေခံတွေ ရှိနေပြီဆိုမှ အရည်အချင်းရှိတဲ့ အခိုက်အတန့်တွေ အလိုလိုထွက်ပေါ်လာမှာပါ။ အဲဒီလိုမဟုတ်ဘဲ ပြောင်းပြန်တော့ လုပ်လို့မရပါဘူး။ ဘောလုံးပွဲတစ်ပွဲအတွက် လိုအပ်တဲ့ အခြေခံအချက်တွေမပါဘဲနဲ့ ကိုယ့်ရဲ့အရည်အချင်းကိုပဲ ထုတ်ပြချင်လို့ မရပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ အဲဒီအချက်တွေကို တကယ်ကောင်းကောင်းလုပ်နိုင်နေပြီလို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။