ပါကွေတာအတွက် ဝက်စ်ဟမ်းအသင်းနဲ့ ဆွေးနွေးနေတဲ့ ဖလာမင်ဂို
ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ပါကွေတာကို ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းက ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပါကွေတာဟာ အက်ဖ်အေရဲ့ လောင်းကစားစည်းမျည်းချိုးဖောက်မှုကြောင့် စွဲချက်တင်ခံထားရပေမယ့် ဘရာဇီးအသင်းနဲ့အတူ ကိုပါဖလားပြိုင်ပွဲမှာ ပါဝင်ကစားနေပါတယ်။ အက်ဖ်အေဘက်က ပါကွေတာတစ်ယောက် ပရီးမီးယားလိဂ် ၄ ပွဲကို အလောင်းအစားပြုလုပ်ခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးနေပါတယ်။
၂၀၂၄ မေလ ၂၃ ရက်နေ့တုန်းက ကနဦးစွဲချက်တွေ စတင်ခဲ့တာဖြစ်ပြီး ပါကွေတာအနေနဲ့ ၂၀၂၂ နိုဝင်ဘာကနေ ၂၀၂၃ သြဂုတ်လအထိ အဝါကတ်ကို အလောင်းအစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားခဲ့ရင် ပါကွေတာအနေနဲ့ ရှည်လျားတဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ၁၀ နှစ်လောက် ပွဲကစားခွင့်အပိတ်ခံရနိုင်ပါတယ်။
အဆိုပါအခြေအနေမျိုးဖြစ်နေပေမယ့် ပါကွေတာကို အသင်းဟောင်း ဖလာမင်ဂိုက ပြန်လည် ခေါ်ယူချင်နေဆဲဖြစ်ပါတယ်။ ဘရာဇီးသတင်းဌာန ဂလိုဘိုရဲ့အဆိုအရ ဖလာမင်ဂို အသင်းဟာ ဝက်စ်ဟမ်းအသင်းကို လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက ချိတ်ဆက်နေတာဖြစ်ပြီး အစောပိုင်းဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပါကွေတာဟာ လူငယ်အဆင့်ကနေ တိုးတက်လာခဲ့ပြီးနောက် ၂၀၁၆ မှာ ဖလာမင်ဂို အသင်းအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ဖလာမင်ဂိုအသင်းကတော့ ဘရာဇီးပြည်တွင်းလိဂ်ဖလားတွေကို စိန်ခေါ်နိုင်ဖို့ လူအင်အားဖြည့်တင်းချင်နေပါတယ်။
ပါကွေတာတစ်ယောက် ပွဲပယ်ခံရနိုင်ပေမယ့် ဖလာမင်ဂိုဘက်က ဥပဒေကြောင်းအရ အဆိုပါအခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ လုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဖလာမင်ဂိုဘက်က ပါကွေတာအနေနဲ့ အခုဖြစ်ပေါ်နေတဲ့ အနေအထားတွေကို လွတ်မြောက်သွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဝက်စ်ဟမ်းဘက်က ပါကွေတာကို ၂၀၂၂ တုန်းက ပေါင် ၅၁ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အက်ဖ်အေရဲ့ အရေးယူခံရနိုင်တဲ့အနေအထားကြောင့် ပြောင်းရွှေ့ကြေးကို လျော့ချပေးရဖွယ်ရှိနေပါတယ်။ ဖလာမင်ဂိုဘက်ကတော့ သူတို့စတားဟောင်း အငှား ဒါမှမဟုတ် အပြီးသတ်ခေါ်ယူမလားဆိုတာကို ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။