
ဝက်စ်ဟမ်းကိုအနိုင်ရပြီးနောက် ချဲလ်ဆီးစတား ၃ ဦးအထိုင်ကျဖို့ လိုအပ်နေသေးကြောင်း မာရက်စ်ကာ ပြောကြား
ဝက်စ်ဟမ်းကို ၁-၅ နဲ့အနိုင်ရပြီးနောက် အသင်းသားအားလုံးရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မိတယ်လို့ မာရက်စ်ကာက ပြောကြားလိုက်ပေမယ့် အက်စ်တီဗို ၊ ဂစ်တန် နဲ့ ဟာတိုတို့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ လန်ဒန်ဒါဘီမှာ ပါကွေတာရဲ့ဦးဆောင်ဂိုးနဲ့ ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ပထမပိုင်းမပြီးခင်မှာ ပက်ဒရို ၊ နက်တို ၊ ဖာနန်ဒက်ဇ်တို့ရဲ့ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။
အဲ့နောက် ဒုတိယပိုင်းမှာ ချဲလ်ဆီးအတွက် နောက်ထပ်အနိုင်ဂိုးတွေကို ကိုင်စီဒို နဲ့ ချာလိုဘတ်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲတုန်းကလည်း တန်းတက် ဆန်းဒါးလန်းအသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပြီး အခုလည်းလန်ဒန်ဒါဘီမှာ ထပ်မံအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ကွင်းလယ်ဒိုင် အိုလီဗာပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ပေါ်တာတစ်ယောက် စိတ်မချမ်းသာတဲ့မျက်နှာမျိုးကို မြင်တွေ့ခဲ့ရပါတယ်။
ပယ်လ်မာကတော့ ဒီနေ့ပွဲကို ပေါင်ခြံဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပြီး မာရက်စ်ကာက ဘယ်လောက်နားရမလဲဆိုတာပြောကြားလိုက်ပါတယ်။ “ကိုးလ်က နောက်ဆုံး ၄ ရက် ဒါမှမဟုတ် ၅ ရက်လောက်တုန်းက ၁၀၀% ကြံ့ခိုင်မနေပါဘူး။ ဒီနေ့မှာ သူသွေးပူလေ့ကျင့်ခန်းဆင်းဖို့ ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ခုခံစားရတာကြောင့် အရဲမစွန့်ပဲထားခဲ့တာပါ။ ကျွန်တော်တို့ လာမယ့်နာရီပိုင်းအတွင်းမှာ အရေးကြီးလားဆိုတာကို စောင့်ကြည့်ရပါမယ်။ ပဲလေ့စ်နဲ့ပွဲမှာကတည်းက သူ ၁၀၀% မကြံ့ခိုင်ခဲ့တာပါ။ ဒါပေမယ့် သူက အသင်းအတွက် အများကြီးအားထုတ်ကြိုးစားနေပါတယ်။ သူအသင်းနဲ့အတူ ပါဝင်ချင်နေတာပါ။ ဒီနေ့ညမှာလည်း သူထပ်မံကြိုးစားခဲ့ပေမယ့် အရမ်းအဆင်မပြေပါဘူး”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
မာရက်စ်ကာက ဒီနေ့ညပွဲအစီအစဉ် နဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေပါတယ်။ “ကျွန်တော် အရမ်းပျော်သလို အရမ်းလည်းကျေနပ်ပါတယ်။ အထူးသဖြင့် ကိုးလ်တစ်ယောက်ဒဏ်ရာရနေတဲ့အပြင် ၅ မိနစ်တည်းနဲ့ ပေးဂိုးပေးလိုက်ရပါတယ်။ ဒါပေမယ့် အသင်းတုံ့ပြန်မှုက အရမ်းကောင်းပါတယ်။ အစကအကောင်းဆုံးမဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ စီစဉ်ထားသလို အဆင်ပြေခဲ့ပါတယ်။ကစားကွက်နဲ့ပတ်သက်ပြီး သူတို့ဘယ်လောက်ယုံကြည်မှုပြင်းထန်လဲဆိုတာကို ခင်ဗျားမြင်နိုင်ပါတယ်။ အက်စ်တီဗိုကြောင့် ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ သူ့အနေနဲ့ ဒီအမှားကနေ သင်ခန်းစာယူနိုင်ဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် အားလုံးခြုံကြည့်ရင် သူ့ရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ်။ ဂျာအို ၊ လီယန် ၊ အက်စ်တီဗို ၊ ဂစ်တန်တို့က အံ့ဖွယ်ကစားသမားတွေပါ။ ဒါပေမယ့် သူတို့အနေနဲ့ အသင်းမှာ အထိုင်ကျဖို့ သင်ယူရပါဦးမယ်။ ဒီနေ့ပွဲစွမ်းဆောင်ရည်ကိုတော့ ကျေနပ်မိပါတယ်”လို့ မာရက်စ်ကာက ပြောကြားလိုက်ပါတယ်။