The network connection is lost.

Banner Image

ဝက်စ်ဟမ်းရဲ့ဦးဆောင်ဂိုးက ပွဲစဉ်ရဲ့အလှည့်အပြောင်းပဲလို့ ဆိုလိုက်တဲ့ ဝုဗ်နည်းပြအက်ဒ်ဝက်

သောကြာနေ့၊ လန်ဒန်အားကစားကွင်းအတွင်း လေးဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် မာဗရိုပါနို့စ်သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးက ပွဲစဉ်အတွက် အလှည့်အပြောင်း ဖြစ်စေခဲ့တယ်လို့ ဝုဗ်အသင်းနည်းပြရော့ဘ်အက်ဒ်ဝက်က ယူဆနေပါတယ်။ 

ဒီပွဲစဉ်မှာ ဝက်စ်ဟမ်းအတွက် မာဗရိုပါနို့စ်နဲ့ ကတ်စတယ်လာနို့စ်တို့က နှစ်ဂိုးစီ သွင်းယူခဲ့ပါတယ်။

ပွဲစဉ်အပြီး အက်ဒ်ဝက်က "ကျွန်တော်တို့ ပွဲစစချင်း ၁၀ မိနစ်၊ ၁၂ မိနစ်လောက်အထိ တော်တော်လေးကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဂိုးရနိုင်မယ့် အဆုံးသတ်ပိုင်းတွေမှာတော့ အခုထက် ပိုကောင်းနိုင်ခဲ့သင့်တာပေါ့။ ကျွန်တော် အခြေအနေကို တော်တော်လေးကျေနပ်ပေမဲ့ ပိုကောင်းအောင် လုပ်နိုင်မယ့် အချက်တွေတော့ ရှိပါသေးတယ်။ ပထမပိုင်းပြီးခါနီးမှ ဦးဆောင်ဂိုးပေးလိုက်ရတာက စိတ်ပျက်စရာကောင်းပေမဲ့ အရာအားလုံး ပြီးဆုံးသွားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပွဲစဉ်ဆီ ပြန်လာနိုင်မယ်လို့ ခံစားခဲ့ရပါတယ်"လို့ ပြောပါတယ်။

"ဒါပေမဲ့ ဆက်တိုက်ဆိုသလို မြန်မြန်ဆန်ဆန်ပေးလိုက်ရတဲ့ နောက်ထပ်နှစ်ဂိုးကတော့ ကျွန်တော်တို့ကို အသေသတ်လိုက်သလိုပါပဲ။ သူတို့က ကျွန်တော်တို့ရဲ့အမှားတွေကို အခွင့်ကောင်းယူပြီး ပွဲကို ဆုံးဖြတ်ပေးခဲ့တယ်။ ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့မိတယ်။ သူတို့က ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေဆီမှ ဘောလုံးလုယူသွားတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါက ဖြစ်တတ်ပေမဲ့ ဘောလုံးဆုံးရှုံးပြီးနောက်မှာ ဖြစ်လာတာတွေကတော့ တော်တော်များသွားတယ်"လို့ သူက ဆိုပါတယ်။

"ဂိုးတွေ အပြိုင်အဆိုင်ဝင်သွားတဲ့အချိန်မှာ ပွဲက ပြီးသလောက် ဖြစ်သွားပါပြီ။ ကျွန်တော်တို့ ပွဲစဉ်ဆီ ပြန်လာနိုင်အောင် တိုက်စစ်မှူးတွေ ထပ်ထည့်၊ ကစားကွက်ပြောင်းပြီး ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဖြစ်ပျက်သွားတာတွေကြောင့် နောက်ဆုံး မိနစ် ၂၀ လောက်ကတော့ တော်တော်လေး ခက်ခဲတဲ့ ညတစ်ခု ဖြစ်ခဲ့ပါတယ်" လို့လည်း အက်ဒ်ဝက်က ဖြည့်စွက်ပြောပါတယ်။

ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း ၎င်းက "တစ်ခုခု မပြောခင်မှာ ဗီဒီယို ပြန်ကြည့်ရပါဦးမယ်။ ကိုယ့်ကိုယ်ကိုယ် ပြဿနာ မတက်ချင်ဘူးလေ။ ပထမပိုင်းတုန်းကတော့ အမ်းစထရောင်း ဖိအားပေးတဲ့အချိန် ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ဖရီးကစ်ပေးလိုက်တာက သိပ်မဟုတ်သေးဘူးလို့ ထင်ပြီး စိတ်ပျက်မိခဲ့တယ်။ အဲဒါက ပထမပိုင်းမှာ ကျွန်တော် သိချင်လို့ မေးခဲ့တဲ့ အချက်ပေါ့။ ဂျော်အိုဂိုးမက်စ်လဲကျပြီး တတိယဂိုး ပေးလိုက်ရချိန်မှာလည်း Foul လို့ ထင်ခဲ့ပေမဲ့ အသေအချာပြန်ကြည့်ဖို့တော့ လိုပါလိမ့်မယ်" လို့ ဆိုပါတယ်။

"တကယ့်ကို ခက်ခဲတဲ့ ခံစားချက်ပါ။ ပွဲထဲမှာ ကျွန်တော် အခြေအနေကောင်းတယ်လို့ ခံစားခဲ့ရတယ်၊ ၁-၀ ဂိုးနဲ့ ရှုံးနေချိန်မှာတောင် ပွဲထဲ ပြန်လာနိုင်မယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်က နောက်ထပ်နှစ်ဂိုးကို မြန်မြန်ဆန်ဆန် သွင်းလိုက်တော့ ပွဲကို လက်လွှတ်လိုက်ရပါတယ်။ ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ ဒါက လက်တွေ့ပဲလေ။ ကျွန်တော်တို့ ဒီအပေါ်မှာ အကောင်းဆုံးပြန်တုံ့ပြန်နိုင်ဖို့ လိုပါတယ်" လို့ နည်းပြအက်ဒ်ဝက်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။