တန်းဆင်းဇုန်တိုက်ပွဲအတွက် ကစားသမားတွေ အရှုံးမပေးသေးဘူးလို့ အခိုင်အမာပြောကြားလိုက်တဲ့ ဝုဗ်နည်းပြအက်ဒ်ဝက်စ်
ဝုဗ်နည်းပြ ရော့ဘ်အက်ဒ်ဝက်စ်က မနေ့ညပိုင်း၊ ဘရန့်ဖို့ဒ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး တန်းဆင်းဇုန်မှရုန်းထွက်နိုင်ဖို့အတွက် သူ့ရဲ့ကစားသမားတွေ အရှုံးမပေးသေးဘူးလို့ ပြောကြားလိုက်ပါတယ်။
ဒီရလဒ်ကြောင့် ဝုဗ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးမှာပဲ ဆက်ရှိနေပြီး ရာသီကုန်ဖို့ ၇ ပွဲအလို၊ အဆင့် ၁၇ နေရာရှိ ပြိုင်ဘက်အသင်းနဲ့ ၁၂ မှတ်အထိ ကွာဟနေပါတယ်။
ပွဲပြီးချိန် အက်ဒ်ဝက်စ်က "ကစားသမားတွေရော၊ ကျွန်တော်တို့ပါ ဒီကလပ်အသင်း၊ ပရိသတ်တွေနဲ့ ကိုယ့်ကိုယ်တိုင်အတွက် ၃၈ ပွဲမြောက်နောက်ဆုံးပွဲစဉ်အထိ အစွမ်းကုန်တိုက်ပွဲဝင်သွားဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဆက်ပြီးကြိုးစားသွားပါမယ်" လို့ ဆိုပါတယ်။
"လူစားဝင်ကစားသမားတွေက အသင်းအပေါ် ဘယ်လောက်အကျိုးပြုနိုင်မလဲဆိုတာကို ဒီနေ့မှာ အတော်လေးဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာလည်း ဂိုးသွင်းတာဖြစ်ဖြစ်၊ ကစားကွက်အပေါ် သက်ရောက်မှုရှိတာဖြစ်ဖြစ် သူတို့တွေက အသင်းအတွက် အကျိုးရှိစေခဲ့သလို ဒီညမှာလည်း အဲဒီအတိုင်းပဲ ထပ်မြင်တွေ့ခဲ့ရပါတယ်။ လူစားဝင်လာတဲ့သူတွေအားလုံး တကယ်ကို ထိရောက်မှုရှိခဲ့ပါတယ်။ ဒါက အသင်းတစ်ခုလုံး စုပေါင်းကစားရတဲ့ ကစားနည်းဖြစ်လို့ အယိုကိုဒါယီအတွက်တင်မကဘဲ အသင်းသားအားလုံးအတွက်ပါ တကယ်ကို ဝမ်းသာမိပါတယ်" လို့ ပြောခဲ့ပါတယ်။
နိုင်ငံတကာသီတင်းပတ်အပြီး တန်းဆင်းဇုန်နဲ့အနီးကပ်ဆုံးနေရာမှာရှိနေတဲ့ ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမယ့်အခြေအနေနဲ့ပတ်သက်ပြီး "ဒါ အရေးကြီးတဲ့ပွဲစဉ်တစ်ခုဆိုတာ ကျွန်တော်တို့သိပါတယ်၊ တကယ်တော့ ကျန်တဲ့ပွဲစဉ်တွေအားလုံးလည်း အရေးကြီးတာပါပဲ" လို့ အက်ဒ်ဝက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ခဏနားကြမယ်၊ ပြီးရင်တော့ မှန်ကန်တဲ့ပြင်ဆင်မှုတွေဖြစ်အောင် လေ့ကျင့်ရေးအစီအစဉ်တွေအပြင် ခြေစမ်းပွဲတစ်ပွဲလည်း ကစားသွားဖို့ရှိပါတယ်။ ရာသီအတွင်းမှာ ၂၅ ရက်ကြာ နားရက်မျိုး တစ်ခါမှ မကြုံဖူးသေးလို့ ဒါက ကျွန်တော်တို့အားလုံးအတွက်တော့ အတွေ့အကြုံသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။