ကာတစ်ဂျုံးစ်ကို လီဗာပူးမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေတဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က လာမယ့်ဘောလုံးရာသီမှာလည်း ကာတစ်ဂျုံးစ်ကို အန်ဖီးလ်မှာ ဆက်ရှိနေအောင် ဖျောင်းဖျနိုင်မယ်လို့ ယုံကြည်နေပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ ဒီရာသီမှာ သူရရှိတဲ့ ကစားခွင့်အခြေအနေတွေနဲ့ပတ်သက်လို့ စိတ်တိုင်းမကျဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ အန်းစလော့ကတော့ "ကျွန်တော် နည်းပြဖြစ်လာကတည်းက သူ အရင်ကထက်ပိုပြီး ပွဲကစားချိန်တွေ အများကြီးရလာပါတယ်။ ဒါက ကျွန်တော်ကိုယ်တိုင်က သူ့ကို ကစားသမားတစ်ဦးအနေနဲ့ ကြိုက်နှစ်သက်တာကြောင့်ရော၊ ဒဏ်ရာပြဿနာတွေကြောင့် ကျွန်တော်တို့ရဲ့လူစာရင်းက အားနည်းသွားတာကြောင့်ရော ပါပါတယ်"
"ချန်ပီယံလိဂ်နဲ့ FA ဖလား ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့လို့ ကစားသမားတွေကိုယ်တိုင် ပွဲကစားချိန်တွေ မျှဝေယူခဲ့ရပါတယ်။ ဒဏ်ရာရကစားသမားတွေ အရမ်းများလာတဲ့အချိန်၊ ကျွန်တော်တို့ရဲ့ထိပ်တန်းကစားသမား ၂၅ ဦးအနက် ၅ ဦး ဒါမှမဟုတ် ၆ ဦးလောက်ဟာ ပွဲကစားချိန် အများဆုံးရရှိခဲ့သူတွေ ဖြစ်လာပါတယ်"
"အဲဗာတန်နဲ့ပွဲမှာ ကာတစ်ဂျုံးစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုက ကျွန်တော်တို့ နိုင်သွားလို့ အားလုံးက ခြေစွမ်းပြခဲ့တယ်လို့ ရုတ်တရက် ဖြစ်သွားတာပါ"
"တကယ်တော့ ရှုံးတဲ့ပွဲတွေ၊ သရေကျတဲ့ပွဲတွေမှာတောင် အခုထက် ပိုကောင်းအောင် ကစားနိုင်ခဲ့တာတွေ ရှိတယ်ဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးလောကရဲ့သဘာဝက ဒီလိုပါပဲ၊ နိုင်ရင် အားလုံးက တော်တယ်၊ ကောင်းတယ်ဖြစ်ပြီး ရှုံးရင်တော့ အကုန်လုံးက အသုံးမကျဘူးလို့ အပြောခံရတာပါပဲ" လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။