The network connection is lost.

Banner Image

နေမာ ဘရာဇီးလူစာရင်းကနေချန်လှပ်ခံရတဲ့အကြောင်းအရင်းကို ပြောပြလာခဲ့တဲ့ အန်ဆယ်လော့တီ

ဘရာဇီးနည်းပြကာလို့အန်ဆယ်လော့တီက နောက်ဆုံးထုတ်ပြန်လိုက်တဲ့လူစာရင်းမှာ နေမာ ပါဝင်မလာခဲ့တဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အန်ဆယ်လော့တီက နည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုင်တွယ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး နေမာကို လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ကိစ္စက တော်တော်လေးလူပြောများနေခဲ့ပါတယ်။

နေမာဟာ ဘရာဇီးအသင်းအတွက် ၇၉ ဂိုးသွင်းယူထားပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဒူးအရွက်စုတ်ပြဲဒဏ်ရာရခဲ့ပြီးနောက်ပိုင်း လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရသလို လက်ရှိကစားနေတဲ့ ဆန်းတို့စ်အသင်း တန်းမဆင်းရအောင်လည်း ကူညီပေးခဲ့ရပါတယ်။

နေမာကို ဘရာဇီးအသင်းဆီ ပြန်ခေါ်ဖို့ တောင်းဆိုမှုတွေရှိနေပေမဲ့ အန်ဆယ်လော့တီကတော့ ဒီပြောဆိုမှုတွေကို လျစ်လျူရှုခဲ့ပြီး ဘရာဇီးဂန္တဝင်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

အန်ဆယ်လော့တီက "ကျွန်တော် အရာအားလုံးကို စောင့်ကြည့်နေသလို အားလုံးပြောတာတွေကိုလည်း နားထောင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တာဝန်ကတော့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ပါပဲ။

လူတိုင်းမှာ ကိုယ်ပိုင်အမြင် ရှိနိုင်တာက သဘာဝပါပဲ၊ ဘောလုံးလောကဆိုတာ တက္ကသိုလ်တစ်ခုလို သင်ယူစရာတွေချည်းပဲ မဟုတ်သလို အဖြေအတိအကျရှိတဲ့ သိပ္ပံပညာရပ်လည်း မဟုတ်ပါဘူး။ လူတိုင်းရဲ့ အမြင်တွေကို ကျွန်တော် လေးစားပါတယ်" လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက ကမ္ဘာ့ဖလားအတွက် လူစာရင်း မထုတ်ပြန်ခင် နေမာဟာ ဆန်းတို့စ်အသင်းအတွက် ၈ ပွဲပဲ ကစားဖို့ ကျန်ပါတော့တယ်။ ဒါကြောင့် နေမာတစ်ယောက် ဘရာဇီးအသင်းအတွက်ပါဝင်ကစားခွင့် ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဘရာဇီးအသင်းဟာ ယနေ့ည ပြင်သစ်နဲ့ ဘော့စတွန်မြို့မှာ ကစားမှာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာတော့ ခရိုအေးရှားနဲ့ အော်လန်ဒိုမြို့မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။