လီဗာပူးတိုက်စစ်မှူးမိုဆာလက်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ရိန်းဂျားစ်အကြံပေးဘဂျွန်ဘီ ဝန်ခံ
ရိန်းဂျားစ်အသင်းအကြံပေးပုဂ္ဂိုလ်စတစ်အင်းဂီဘဂျွန်ဘီက လီဗာပူးအသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး မိုဆာလက်ကို ခေါ်ယူဖို့အတွက် သူတို့အသင်းအတွင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
လီဗာပူးအသင်းနောက်ခံလူဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဘဂျွန်ဘီဟာ အီဂျစ်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Modern MTI ရဲ့ Modern Sports အားကစားအစီအစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး မိုဆာလက်ရဲ့အမည်ကို ရိန်းဂျားစ်အသင်းရဲ့ အိုက်ဘရော့စ်ကွင်းမှာ ပြောစရာဖြစ်လာခဲ့ပါတယ်။
ဘဂျွန်ဘီက "မိုဆာလက်ရဲ့အစီအစဉ်တွေက ဘာလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်က ရိန်းဂျားစ်အသင်းရဲ့ အကြံပေးတစ်ယောက်ဖြစ်တာကြောင့် ဒီနေ့ အလုပ်ခွင်မှာ သူ့အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ သူ ဘယ်ကိုပြောင်းမလဲဆိုတာမျိုးတွေကို ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမဲ့ လူအများစုကတော့ သူ လီဗာပူးအတွက် လုပ်ပေးခဲ့တာတွေအပေါ် ကျေးဇူးတင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက လီဗာပူးရဲ့ဂန္ထဝင်စစ်စစ်ဖြစ်ပြီး ကလပ်အသင်းကြီးတစ်ခုအတွက် အမှတ်တရကောင်းတွေ အများကြီး ချန်ထားနိုင်ခဲ့ပါတယ်။ ရာသီအတော်ကြာအောင် အသင်းအတွက် ထူးရှယ်ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အခြေအတင်ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ အရာအားလုံးပြေလည်သွားခဲ့ပြီး သူကလည်း လီဗာပူးအပေါ် သစ္စာရှိရှိ ဆက်ရှိနေခဲ့ပါတယ်။ သူက ကလပ်အသင်းအတွက် နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ပြီးပြီဆိုတာကို လူတိုင်းလက်ခံနိုင်ကြမယ်လို့ ထင်ပါတယ်။ အခုအချိန်မှာတော့ သူက အခွင့်အလမ်းသစ်တွေကို ရှာဖွေချင်နေတာမျိုး ဖြစ်နိုင်သလို စွန့်စားခန်းအသစ်တစ်ခုကိုလည်း စတင်ချင်နေပုံရပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။