The network connection is lost.

Banner Image

အာဆင်နယ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အမှားကြီးတစ်ခု ကျူးလွန်မိတယ်လို့ ဝန်ခံလိုက်တဲ့ ကော်တိုရစ်

အာဆင်နယ်ကို မရှုမလှရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်း သူပြုလုပ်မိခဲ့တဲ့ တန်ဖိုးကြီးအမှားတစ်ခုအကြောင်းကို ဂိုးသမားကော်တိုရစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်း၊ အာဆင်နယ်ရဲ့သုံးဂိုးပြတ်ချေမှုန်းမှုကို ခံစားလိုက်ရပြီးနောက် ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေက ပြိုင်ပွဲလမ်းကြောင်းမှထွက်ခွာရဖို့ အတော်လေးနီးစပ်သွားခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း ဒီကလန်ရိုက်စ်ရဲ့အံ့အားသင့်ဖွယ်လှပလွန်းတဲ့ ဖရီးကစ်သွင်းဂိုးနှစ်ဂိုးအပြင် ယာယီတိုက်စစ်မှူးမီရီနိုရဲ့အပိုင်ကန်သွင်းချက်တွေက အီးမရိတ်စ်ကွင်းချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့)မှာ ဂန်းနားတွေကို ဂိုးပြတ်နိုင်ပွဲတစ်ခု ရရှိစေခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကော်တိုရစ်က ဒီကလန်ရိုက်စ်ရဲ့ဗွေဆော်ဦးဂိုးမှာ အသင်းရဲ့ခံစစ်တံတိုင်းအတွက် နောက်ထပ်အပိုလူတစ်ဦးထည့်သွင်းထားခဲ့သင့်ပေမယ့် ကစားသမားလေးဦးဆိုရင် လုံလောက်ပြီလို့ ယူဆမိပုံအကြောင်း ရှင်းပြလာခဲ့ပါတယ်။ 

ဒီကလန်ရိုက်စ်ရဲ့ကန်ချက်နဲ့ ဘောလုံးသွားပုံလမ်းကြောင်းကြောင့် ခံစစ်တံတိုင်းမှာ အပိုကစားသမားတစ်ဦး ထည့်သွင်းမှုက အချည်းနှီးဖြစ်သွားနိုင်ပေမယ့် ကော်တိုရစ်ကတော့ အာဆင်နယ်ရဲ့အဖွင့်ဂိုးအတွက် သူ့မှာ အပြည့်အဝတာဝန်ရှိတယ်လို့ ယူဆနေပါတယ်။Movistar သတင်းဌာနနဲ့တွေ့ဆုံချိန် ကော်တိုရစ်က “ လူတံတိုင်းကို ကောင်းကောင်းနေရာချထားပြီးပြီလို့ ကျွန်တော် တွေးနေမိခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ ခံစစ်လူတံတိုင်းမှာ အပိုကစားသမားတစ်ဦးကို ကျွန်တော် ထည့်ထားပေးလေ့ ရှိပါတယ်။

ဒီဂိုးအတွက် ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်။ ခံစစ်လူတံတိုင်းအတွက် အပိုကစားသမားတစ်ဦး ထည့်သွင်းထားခဲ့သင့်တယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ဒီကလန်ရိုက်စ်ကို အဲ့ဒီလောက်အထိ ဝေ့ဝိုက်ကန်သွင်းယူနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒုတိယဂိုးကလည်း အရမ်းကောင်းလွန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အန္တရာယ်မရှိတဲ့အခိုက်အတန့်တွေမှာ မလိုအပ်ဘဲ ပြစ်ဒဏ်တွေ ကျူးလွန်မိခဲ့ပါတယ်။ အဲ့ဒီလိုပြစ်ဒဏ်တွေကို မကျူးလွန်သင့်ပါဘူး”လို့ ပြောပါတယ်။

အခုဂိုးပြတ်ရှုံးပွဲနဲ့ပတ်သက်လို့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားစာရင်းဝင်ကော်တိုရစ်က “ အာဆင်နယ်ဆိုတာ အရမ်းကောင်းတဲ့အသင်းပါ။ အထူးသဖြင့် သူတို့ရဲ့အိမ်ကွင်းပွဲစဉ်တွေမှာပေါ့။ သူတို့က ကောင်းကောင်းဖိအားပေးနိုင်သလို အန္တရာယ်ရှိတဲ့အခိုက်အတန့်တွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာတော့ သူတို့ကို ကျွန်တော်တို့ ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့ပြီး အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒုတိယပိုင်းကို ဘယ်လိုကစားရမလဲဆိုတာ မေ့သွားခဲ့ပါတယ်။

နည်းနည်းထိတ်လန့်စရာကောင်းတယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ဘောလုံးနဲ့အတူ တည်ငြိမ်မှုမရှိဖြစ်နေချိန်မှာပဲ သူတို့တွေက အရမ်းကောင်းတဲ့ဖရီးကစ်ဂိုး နှစ်ဂိုးကို သွင်းယူသွားခဲ့ပါတယ်”လို့ ပြောပါတယ်။