အာဆင်နယ်ရဲ့ချန်ပီယံလိဂ်အိပ်မက်ကို ဖျက်ဆီးမယ့်အသင်းရဲ့အမည်ကိုပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ
ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အခွင့်အရေးရှိပေမယ့် ချန်ပီယံလိဂ်မှာတော့ ထပ်မံကျရှုံးဦးမှာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂-၁ နဲ့အရေးနိမ့်ပြီး အမှတ်လျော့ခဲ့ပေမယ့် အမှတ်ပေးဇယားကိုတော့ ထိပ်ဆုံးကနေ ၂ မှတ်ဖြတ်ဦးဆောင်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အာဆင်နယ်ဟာ အက်သလက်တီကိုမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့လိုအသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပေမယ့် ၆ ပွဲကစား ၆ ပွဲနိုင်ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးကနေဦးဆောင်နေတာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ဖူးခြင်းမရှိပေမယ့် ဒီရာသီမှာတော့ ဆုဖလားကိုဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ လက်ရှိဘောလုံးလောကမှာ ချန်ပီယံလိဂ်ဖလားကို အကြိမ်ရေအများဆုံးဆွတ်ခူးထားတဲ့နည်းပြက ကာလိုအန်ဆယ်လော့တီဖြစ်ပြီး အီတလီသားဟာ အေစီမီလန်နဲ့ ၂ ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ၃ ကြိမ်အထိရရှိထားတဲ့ ဝါရင့်နည်းပြလည်းဖြစ်ပါတယ်။
ယခုအခါမှာ ဘရာဇီးလက်ရွေးစင်အသင်းကိုဦးဆောင်နေတဲ့ အန်ဆယ်လော့တီကို ဒီရာသီချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ဘယ်အသင်းကဟန့်တားနိုင်မလဲလို့မေးမြန်းခဲ့ရာ အီတလသားနည်းပြက "ကျွန်တော့်ရဲ့ရီးရဲလ်မက်ဒရစ်ပါ" လို့တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ယခုနှစ်အတွက် ပရီးမီးယားလိဂ်ဖလားကို ဘယ်အသင်း ဆွတ်ခူးသွားမလဲဆိုတဲ့မေးခွန်းကို အန်ဆယ်လော့တီက "အာဆင်နယ်ရမှာပါ။ ကျွန်တော်က ပရီးမီးယားလိဂ်ကိုကြိုက်နှစ်သက်သူတစ်ယောက်ပါ။ အာဆင်နယ်က ဒီရာသီမှာ အကောင်းဆုံးပုံစံနဲ့စတင်ထားနိုင်ပြီး အရမ်းကောင်းတဲ့အသင်းကိုပိုင်ဆိုင်ထားပါတယ်။ အရမ်းကို ကျစ်လစ်တဲ့အသင်းပါ"
"ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း အာဆင်နယ်ကိုအားပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ ကျွန်တော့်ရဲ့ကစားသမားတွေရှိနေလို့ပါ။ တော့တင်ဟမ်မှာလည်း ရစ်ချာလီဆန်ရှိနေလို့တော့တင်ဟမ်ကိုကျွန်တော်အားပေးပါတယ်။ ယူနိုက်တက်ကလည်း ကျွန်တော်အားပေးတဲ့အသင်းတစ်သင်းပါ။ ဘရာဇီးလက်ရွေးစင်ကစားသမားတွေရှိနေတဲ့အသင်းတိုင်းကို ကျွန်တော်စောင့်ကြည့်အားပေးပါတယ်" လို့ပြောကြားခဲ့ပါတယ်။