အာဆင်နယ်မှာ အာတီတာကို စာချုပ်သက်တမ်းတိုးဖို့က အဓိကဦးစားပေးဖြစ်တယ်လို့ ခရွန်ကေး ပြောကြား
အာဆင်နယ်အသင်းရဲ့ ပူးတွဲဥက္ကဋ္ဌ ဂျော့ခ်ျခရွန်ကေးက နည်းပြ မီကယ်အာတီတာကို စာချုပ်သက်တမ်းတိုးဖို့က ဒီနွေရာသီမှာ အသင်းရဲ့ "အရေးအကြီးဆုံး ဦးစားပေးလုပ်ငန်းစဉ်" ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မြောက်လန်ဒန်မှာ အသင်းကို အဘက်ဘက်ကနေ ပြောင်းလဲပေးနိုင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြ အာတီတာအနေနဲ့ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်းလည်း စီမံခန့်ခွဲသူ ခရွန်ကေးက ဆိုပါတယ်။
NBC Sports နဲ့ စကားပြောဆိုရာမှာ ခရွန်ကေးက အာတီတာကို အသင်းမှာ ဆက်ထိန်းထားဖို့က ဘုတ်အဖွဲ့ရဲ့ အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ဒါဟာ အာတီတာရဲ့ ဦးဆောင်မှုနဲ့ ရေရှည်စီမံကိန်းအပေါ် အသင်းက ယုံကြည်မှုကို ဖော်ပြနေတာဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ "မီကယ်ကို ဆက်ထိန်းထားဖို့က အရေးအကြီးဆုံးပါပဲ၊ ကမ္ဘာတစ်ဝန်းက အာဆင်နယ်ပရိသတ်တွေအတွက် သတင်းကောင်းကတော့ သူကိုယ်တိုင်လည်း ဒီစီမံကိန်းမှာ ပါဝင်ရတာကို ပျော်ရွှင်နေတာပါပဲ" လို့ သူက ဆိုပါတယ်။
"သူက ဒီမှာရှိနေရတာကို ပျော်နေသလို ကစားသမားဘဝကနေ အခုအချိန်အထိ သူဟာ ရင်ထဲကလာတဲ့ အာဆင်နယ်လူသားတစ်ယောက်ပါ။ အခုလို အောင်မြင်မှုတွေရဲ့ အကြောင်းရင်းကို တစ်စုံတစ်ယောက်ဆီမှာ ရှာမယ်ဆိုရင် မီကယ်၊ သူ့ရဲ့ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကိုပဲ ကျွန်တော် ရာနှုန်းပြည့် ဂုဏ်ပြုချင်ပါတယ်။ သူတို့ကပဲ အဓိက လူတွေပါ။ မီကယ်က နည်းဗျူဟာပိုင်းတွေကို ပြင်ဆင်ပေးသလိုပဲ ကစားသမားတွေကလည်း ကွင်းထဲမှာ သွားကစားပြီး အသင်းအတွက် အနိုင်ရအောင် လုပ်ပေးရတာဖြစ်ပါတယ်" လို့လည်း ခရွန်ကေးက ပြောကြားခဲ့ပါတယ်။
လန်ဒန်ကလပ် အာဆင်နယ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ပြင်ဆင်နေသလို သမိုင်းဝင် ဖလားနှစ်လုံးအောင်မြင်မှုရရှိဖို့ကိုလည်း ကြိုးပမ်းနေပါတယ်။